Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, July 31, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၅ ရက်မြောက်နေ့ ခရီး 55th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၅၅) ရက်မြောက်
ဇူလိုင်လ၊ ၂၉၊ ၂ဝဝ၉


နံနက် (၈) နာရီခွဲတွင် Ithaca Commons မှ စတင်ချီတက်သည်။ ယနေ့ချီတက်အဖွဲ့တွင် အလက်ဇန္ဒား ပါဝင် သည်။ စတင်ထွက်ခွာသည်နှင့်ပင် Commons တွင် ပါတီကျင်းပရန် အစီအစဉ်ရှိသော အမျိုးသမီးတဦးက ၎င်းတို့၏ ရိုးရာပါတီတွင်ပါဝင်ရန် ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်တို့မှာ ခရီးဆက်ရမည်ဖြစ်ရာ ပါတီတွင် မပါဝင်နိုင်ပေ။ ဘန်ကီမွန်းထံပို့မည့်စာတွင် လက်မှတ်ထိုးပေးပါသည်။ သတင်းစာတိုက်သို့ပို့ရန် ကျွန်ုပ်တို့ လမ်းလျှောက်အဖွဲ့ကို ဓါတ်ပုံရိုက်ပါသည်။


State လမ်းအတိုင်း စတင်ထွက်ခွာပြီး မတ်စောက်လှသော ကုန်းတခုကို တက်ကြသည်။ ထိုကုန်းသည် Cornell တက္ကသိုလ်သို့ သွားရာလမ်းဖြစ်သည်။ ကုန်းဟုဆိုရာတွင် ထိုကုန်းသည် အဆင်းတွင် ဘီးမတပ်ရဘဲ ငရဲသို့ တောက်လျှောက်ကျနိုင်သောလမ်းဖြစ်၏။ ကုန်းကို တက်ရင်းပင် Cornell တက္ကသိုလ်ဝင်းသို့ ရောက်ရှိသည်။ ကျောင်းပိတ်ထားသဖြင့် လူများများမတွေ့ရပါ။ ရှည်လျားကြီးမားလှသော ကျောင်းပါရဝုဏ်ဖြစ်ပါသည်။
ကျောင်းဝင်းကို ဖြတ်ကျော်နေစဉ်တွင် ကိုထွန်းအောင်ကျော် ရောက်လာပါသည်။ ကားထားရန် နေရာရှာပြီးနောက် ကားကိုထားခဲ့ပြီး ကျွန်ုပ်တို့ ခရီးရှည်အဖွဲ့နှင့် လိုက်ပါချီတက်သည်။ ရှည်လျားလှသော ကုန်းကြောကြီးကို အတော်လျှောက်ယူရ၏။ (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် ကုန်းကြောတနေရာတွင် ခဏနားကြသည်။

ဆက်လက်ချီတက်ကြ၏။ (၁ဝ) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Town of Dryden ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ ဆိုင်တဆိုင်မှ အမျိုးသမီးတဦးထွက်လာပြီး မက်မန်းသီးများပေးပါသည်။ မေးမြန်းစုံစမ်း သူများကို လက်ကမ်းစာစောင်များ ဝေပါသည်။ (၁၁) နာရီခွဲတွင် တချီနားကြ၏။ (၁၃) လမ်းမကြီး ကို လာဆုံ သောနေရာ လမ်းဆုံလမ်းခွဖြစ်ပါသည်။ တောင်ကြောပေါ်တွင် လမ်းလျှောက်နေခြင်းဖြစ်သည်။ ပျပျဝေးသော မိုးကုတ်ကုတ်တွင် ပြာမှိုင်းနေသော တောင်ကြောများကိုသာ တွေ့ရ၏။


ခန့်ညား သေသပ် လှပသော သင်္ချိုင်းတခုကို ကျော်ဖြတ်သည်။ နွားခြံတခုကိုလည်း တွေ့ရ၏။ (၁၂) နာရီ (၅) မိနစ်တွင် မိုးဖွဲဖွဲရွာလာပါသည်။ မိုးဖွဲဖွဲတွင် လျှောက်ကြရင်း (၁၂) နာရီ (၄ဝ) မိနစ်တွင် Village of Dryden ဆိုင်းဘုတ်ကို ကျော်၍ ရွာတွင်းသို့ဖြတ်သန်းသည်။ (၁) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် ယနေ့အဖို့ ခရီးစဉ် ပြီးဆုံးသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Thursday, July 30, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၄ ရက်မြောက်နေ့ 54th day of 900 miles for Long March


Ithaca မြို့သို့ရောက်ပြီ
(၅၄) ရက်မြောက်နေ့ (ဇူလိုင်လ ၂၈၊ ၂ဝဝ၉)

Ithaca မြို့ ခံများနှင့် အခမ်းအနားအပြီး အမှတ်တရ

နံနက် (၉) နာရီ (၁၅) တွင် Taughnnock ရေတံခွန်နှင့် မဝေးလှသော နေရာမှ စတင်ချီတက်သည်။ လမ်းသည် တောအတိဖြစ်ပါ၏။ စိမ့်ကြီးမြိုင်ကြီးဖြစ်ပါသည်။ မနက်ခင်းနေခြည်သည် တောတောင်တို့အပေါ် လှပစွာကျရောက်နေသည်။ ငှက်ကလေးများမြည်နေ၏။ သာယာသောနေ့သစ်တနေ့ဖြစ်ပါသည်။ တောင်စောင်း လျှိုမြောင် ချိုင့်ဝှမ်းတို့တွင် Conifer တောသည် မုတ်သုံတော၏ အသွင်ကိုဆောင်၏။ စိမ်းစိုလန်းဆန်း၏။ ညိုမှောင်နေ၏။ နေမခသောတောခြေရှိ၏။

တောင်ကုန်းမှဆင်းလျှင် လွင်ပြင်တခုသို့ ချက်ချင်းလက်ငင်းရောက်သွား၏။ အပန်းဖြေစခန်းများ၏ အဝဖြစ်ပါသည်။ လမ်း၏ လက်ဝဲဘက်တွင် လက်ချောင်းအိုင်များထဲက တခုဖြစ်သော Cayuga ရေပြာအိုင်ကြီးသည် ကပတိတည်တည်ကြည်ကြည်ရှိ၏။ သမာဓိကိုဆောင်၍ ရေကသိုဏ်းရှုနေသည်။

စက်ဘီးသမားတချို့ကို တွေ့ရသည်။ နှုတ်ဆက်အားပေးကြ၏။ အပန်းဖြေစခန်းနယ်မြေကို လွန်သော် တောင်ကုန်းတခုကို တက်ပြန်၏။ ကြိုကြားကြိုကြား ဖြတ်သွားသောကားများ၊ စက်ဘီးများမှ နှုတ်ဆက်ကြသည်။ ဆိုင်ကယ်တပ် တတပ်ကို တွေ့ရသည်။ လက်ပြနှုတ်ဆက်ကြ၏။

တောလမ်းသည် တောလမ်းအတိုင်းဖြစ်၏။ တောအုပ်အတွင်းတွင် အိမ်လေးများကို ဟိုနားသည်နား တွေ့ရသည်။ တချို့အိမ်များတွင် မီးဆိုက်ရန် ထင်းရောင်းနေသည်။ အေးအေးငြိမ်းငြိမ်းသဘောကို တွေ့ရသည်။ ဆူညံရှုပ်ထွေးလှသော မြို့ပြကို စွန့်ခွာ၍ ဤတောဤတောင်တွင် လာရောက်နေထိုင်ကြ၏။ တောနှင့်တောင်စွယ်တွင် မောင်မယ်နှစ်ဖော်သည် ဤနည်းဖြင့် ဘဝကို ငြိမ်းချမ်းစွာ ကုန်လွန်စေသည်လော။ မငတ်မွတ်သော၊ မဆင်းရဲသော၊ သောင်းကျန်းမထကြွနေသော တိုင်းပြည်ဖြစ်၏။


စည်းရိုးတခုအတွင်းမှ အဖိုးကြီးတဦးထွက်လာပြီး ကျွန်ုပ်တို့ ခရီးရှည်အဖွဲ့ကို စူးစမ်းမေးမြန်းသည်။ လက်ကမ်းစာစောင်ကို ဝေလိုက်ပါ၏။ ဆက်လက်ချီတက်ပြီး တနေရာရောက်လျှင် အထက်ပါနည်းအတိုင်း အိမ်တအိမ်မှ အဖိုးကြီးတဦးကို တွေ့ပြန်သည်။ လူတို့နှင့် ကင်းကွာစွာနေသော ဤတောအရပ်တွင် အဘယ်သူတို့သည် လာရောက်ကျူးကျော်နေသနည်းဟု စုံစမ်းလိုဟန်တူသည်။


စတင်ချီတက်ပြီး (၁) နာရီလျှောက်မိလျှင် တောအုပ်တခုတွင် ခဏနားကြသည်။ ဆက်လက်ချီတက်၏။ (၁ဝ) နာရီ၊ မိနစ် (၄ဝ) တွင် Cayuga Nature Center သို့ ရောက်ရှိသည်။ ရှည်ရှည်မျောမျောရှိသော ကုန်းကြော တခုကို လျှောက်၏။ ဆင်းလိုက် တက်လိုက်ဖြစ်ပါသည်။ မြို့သို့ဝင်ရန် မဝေးလှတော့သည်ဖြစ်ရာ ဖြည်းဖြည်း မှန်မှန်သာ လျှောက်ကြ၏။

နေသည် ပူလှ၏။ ရေတံခွန်ကုန်းတွင် ရှိစဉ်က အေးချမ်းမှုရှိသော်လည်း ယခုအခါ ချွေးဖြိုင်ဖြိုင်ကျနေ၏။ ဆက်လက်ချီတက်၏။ နေ့လည် (၁၂) နာရီတွင် ခဏနားကြသည်။ (၁၂) နာရီခွဲတွင် City of Ihaca ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ တောင်နံရံတွင် ရေတံခွန်အသေးစားလေးတခုသည် ပုန်းကွယ်၍ စီးကျနေ၏။ မြို့အဝင်ကို ကျောက်ကျစမ်းနှင့် ကြိုခြင်းဖြစ်ပါသည်။ မြို့တွင်းသို့ ဝင်ရောက်သွားသောအခါ Allen H-Treman Stat Marine Park ပန်းခြံကို တွေ့ရသည်။ စည်ကားသိုက်မြိုက်လှ၏။ ပန်းခြံတွင် ရေဆိပ်တလျှောက် အပျော်စီး မော်တော်ဘုတ်များဖြင့် ပြည့်နေသည်။ အရီးတို့ရွာအဝင်သည် ကုက္ကိုလ်ပင်နှင့် တမာပင်နှင့်ပမာ။ ရေကြည်စမ်း နှင့် မိုးမခလမ်းဖြစ်ပါသည်။

မိုးမခအရိပ်တွင် နားကြ၏။ ဤနေရာမှကြည့်သော် မြို့တဖက်ထိပ်တွင် Ithaca College တောင်ကုန်းကို လှမ်းတွေ့နေရသည်။ နားရင်းဖြင့် မြို့ခံအဖွဲ့ကို စောင့်ကြ၏။ ကိုအောင်ဝင်းနှင့် အရှည်ကြီးတို့ နေ့လည်စာကို ဆောင်၍လာသော် ခပ်လှမ်းလှမ်း ကားရပ်ရာနေရာတွင် မန်ကျီးပင်နှင့်တူသော အပင်၏အရိပ်၌ စားကြသည်။

ကြိုဆိုရေးအဖွဲ့သည် ကားဆိပ်တွင် စောင့်နေကြမည်ဖြစ်၏။ ထိုကြောင့် ကျွန်ုပ်တို့သည် အကြောင်းကြားလာမည့် အချိန်ကို စောင့်နေကြသည်။ ထိုသို့စောင့်နေကြစဉ် အားကစားလုပ်သော အဖွားကြီးတဦးရောက်လာသည်။ မြန်မာနိုင်ငံတွင် ပထမအကြိမ် တိုးရစ်ဖိတ်ခေါ်ကတည်းက ရောက်ဖူးကြောင်းပြောပြသည်။ စစ်အာဏာရှင်တို့ ဆိုးသွမ်းလှကြောင်းကိုလည်း ပြောပြသည်။


မကဒတ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ရောက်လာလျှင် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် မြို့တွင်းသို့ ဆက်လက်ချီတက်ကြ၏။ အလံတလူလူဖြင့် ဆိုင်းဘုတ် နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ ကိုင်ဆောင်၍ ချီတက်လာလျှင် ပြည်သူအများ အားပေးနှုတ်ဆက်ကြသည်။ ရေလှူပါသည်။ အဆာပြေစားရန် သစ်ကျားစေ့ ပေးသူလည်းရှိသည်။ ကားဆိပ်သို့ရောက်လျှင် မြို့ခံအဖွဲ့က Welcome to Ithaca ဆိုင်းဘုတ်ဖြင့် ကြိုဆိုနေ၏။ လမ်းလျှောက်မောင်များကိုလည်း ပန်းကုံးများစွပ်ပါသေးသည်။


လူတန်းကြီးသည် စီတန်းလိုက်သော် ရှည်လျားသွားလေ၏။ ကားဆိပ်မှတဆင့် မြို့လယ် Commons သို့ State လမ်းအတိုင်းချီတက်ကြသည်။ လူအများသည် အထူးအဆန်းကို ကြည့်နေကြ၏။ (၃) နာရီ (၅) မိနစ်တွင် Ithaca မြို့၊ လမ်းအပေါင်းဆုံရာ မြို့လယ် Commons တွင် ရပ်နား၍ စုဝေးကြပါသည်။ Jeffrey က တောက်လျှောက် မှတ်တမ်းတင်နေ၏။ လူစုံသည်။ ကိုအောင်ဝင်း၊ ကိုမင်းထွေး၊ ကိုထွန်းအောင်ကျော်၊ အရှည်ကြီး တို့က အခမ်းအနားအပြင်အဆင်ကို အရေးပေါ် ဖန်တီးနေကြသည်။ ကိုခိုင်ဝင်း၊ ကိုအောင်ကြည်ဦး၊ ကိုအောင်ဖြိုးဆွေတို့က လက်မှတ်ထိုးရန်စာရွက်များဖြင့် ကောက်ခံနေသည်။

လူတိုင်းသည် သူ့တာဝန်နှင့်သူ အလုပ်ရှုပ်နေကြ၏။ ရောက်ရှိနေသော သတင်းမှတ်တမ်းအဖွဲ့ကလည်း လှုပ်ရှားမှုများကို မှတ်တမ်းတင်နေသည်။ Commons သည် လူမျိုးစုံ၊ ကိစ္စမျိုးစုံတို့ဖြင့် စည်ကားနေ၏။ ဤအဆောက်အဦကို ရရှိရေးမှာ အသည်းအသန်ဖြစ်၏။

ဤသို့အလုပ်ရှုပ်နေကြစဉ် ပုဂ္ဂိုလ်တဦးရောက်လာသည်။ ကျွန်ုပ်တို့၏ ခရီးစဉ်အကြောင်းကို မေးမြန်း၏။ သူသည် နယူးယောက်မြို့ အဆောက်အဦရှေ့တွင် မြန်မာ့အရေးဆောင်ရွက်ရင်း အဖမ်းခံခဲ့ဖူးသူဖြစ်သည်။ ပေတေကုတ်ကပ်ပြီး မထတမ်း ထိုင်သပိတ်ဆန္ဒပြနေခြင်းဖြစ်သည်။ ရဲအရာရှိရောက်လာပြီး အဖယ် ခိုင်းသော်လည်း မဖယ်ဘဲထိုင်နေသဖြင့် အဖမ်းခံရခြင်းဖြစ်ပါသည်။ သူအမည်မှာ Tom Fox ဖြစ်၏။ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို အလွန်လေးစား၏။ ဤကမ္ဘာမြေပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တူသူ ခေါင်းဆောင်တယောက်မျှမရှိဟုဆို၏။ Gandhi ၏လမ်းစဉ်၊ Gandhi ၏အမွေကို ဆက်ခံသူအဖြစ် ကမ္ဘာတဝှမ်းကျော်ဇောသူဟု ပြောပြသည်။

အခမ်းအနားမစမီ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောသီချင်းကိုဖွင့်ထား၏။ ထိုနောက်ကြွေးကြော်သံဖြင့် အစပျိုးသည်။ အလေးပြုခြင်း (၃)ရပ်ဖြင့် စတင်ဖွင့်လှစ်လိုက်၏။ ရဲဘော်ထွန်းအောင်ကျော်က မိတ်ဆက် ပြောကြားပြီးလျှင် ခရီးရှည်အဖွဲ့အကြောင်းမိတ်ဆက်၏။ ခရီးရှည်အဖွဲ့၏တာဝန်ခံဖြစ်သော ရဲဘော်မောင်မောင်တိတ်က ရှေးဦးစွာပြောကြားသည်။ ဒုတိယအနေဖြင့် Ithaca ကွန်မြူနီတီမှ ကိုအောင်ကြည်ဦးပြောကြားသည်။ ထိုနောက် ကိုထွန်းအောင်ကျော်၊ ၎င်းနောက် ခရီးရှည်အဖွဲ့မှ ရဲဘော်မင်းဆွေဦး၊ အလက်ဇန္ဒား၊ မော်ရာစတီဖင်၊ ဂျက်ဖရီ တို့ ပြောကြားကြသည်။



ရဲဘော်မောင်မောင်တိတ်နှင့် ကိုထွန်းအောင်ကျော်



ကိုအောင်ကြည်ဦး



ရဲဘော်မင်းရွှေဦး



အလက်ဇန်းဒါး အိုဒုးဒ်



မောရာစတီးဖင်

ဂျက်ဖရီး

ဤအခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းထံတင်ပြမည့်စာအတွက် ဖြတ်သန်းသွားလာ နေသော ပြည်သူလူထုထံ လက်မှတ်ကောက်ခံရာ လက်မှတ် (၁ဝဝ) ကျော်ရရှိသည်။ ကမ္ဘာမကြေဘူး သီချင်းဖြင့် လက်ချင်းချိတ်၊ ဝိုင်းကြီးဖွဲ့၍ သီဆိုကြကာ ညနေ (၅) နာရီ (၂ဝ) မိနစ်တွင် အဆုံးသတ်လိုက်ကြ သည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Wednesday, July 29, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၃ ရက်မြောက်ခရီး 53rd day of 900 miles for Long March


ငြိမ်းချမ်းရေးခရီးရှည်ချီတက်ခြင်း (၅၃) ရက်မြောက်နေ့ (ဇူလိုင်လ ၂၇၊ ၂ဝဝ၉)
BURMA RD နှင့် ကျွန်ုပ်တို့


ယနေ့ ရာသီဥတုသာယာလျက်ရှိသော မနက် (၉) နာရီ (၅) မိနစ်အချိန်တွင်၊ ယမန်နေ့ရပ်နားခဲ့သည့် County Rd 130 လမ်းနှင့် South 96 ဆုံရာ နေရာမှ၊ တနေ့တာချီတက်လှုပ်ရှားခြင်းကို စတင်လိုက်ကြ၏။

စတင်ချီတက်ပြီး (၁ဝ) မိနစ်ခန့်တွင် တောင်ကုန်းငယ်လေးတခုပေါ်သို့ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းရင်း၊ (၄၅) မိနစ်အကြာမြို့အဝင် ဆိုင်းဘုတ်က ကျွန်ုပ်တို့ကိုကြိုဆိုနေ၏။ မြို့ငယ်မရောက်မီ ချီတက်ရာ လမ်းတဖက် တချက်တွင် ပြောင်းဖူးစိုက်ခင်း၊ ဂျုံစိုက်ခင်း၊ အာလူးစိုက်ခင်း စသည့် စိမ်းလန်းစိုပြေ လန်းဆန်းနေသော စိုက်ခင်းလှလှလေးတွေ ကျော်ဖြတ်ပြီး ထိုမြို့သို့ရောက်ရှိသွားခြင်းဖြစ်၏။

မြို့ငယ်၏ ပလက်ဖေါင်းပေါ်မှ ချီတက်ကြလေ၏။ ခရီးသွားလာနေကြသော အမေရိကန်ပြည်သူတို့သည် ကျွန်ုပ်တို့နေ့စဉ် ချီတက်နေကျဖြစ်သော၊ ကုလသမဂ္ဂအလံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ၊ NLD အလံနှင့်အတူ မိုင်းပေါင်း (၉ဝဝ) ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်းဆိုသည့် အင်္ဂလိပ်လိုရေးထားသည့်ဆိုင်းဘုတ် FREE AUNG SAN SU KYI စာတမ်းပါ၊ ဒေါ်အောင်ဆန်းစုကြည်ပုံကို တွေ့လိုက်ရသည်နှင့် တပြိုင်တည်း၊ ထုံးစံအတိုင်း ကားဟွန်းသံပေး၍လည်းကောင်း၊ လက်ဝှေ့ရမ်း၍လည်းကောင်း၊ ငြိမ်းချမ်းရေးသင်္ကေတ လက်အမှတ် အသားပြ၍လည်းကောင်း အားပေးထောက်ခံသူတွေ နေ့စဉ်မြင်တွေ့ရ၏။

ထိုမြို့်ငယ်ကိုလွန်မြောက်ပြီး၊ မနက် (၁ဝ) နာရီ (၉) မိနစ်တွင် ခေတ္တရပ်နားပြီး ပြန်မထွက်မီ၊ စက်ဘီးပြိုင်ပွဲ အတွက်လေ့ကျင့်နေသူ အမေရိကန်အမျိုးသားကြီးတဦး ကျွန်ုပ်တို့ထံ လာရောက်မေးမြန်းလေသည်။ ထိုသူအား သိချင်သည်များကို ရှင်းပြပြီး၊ ဘန်ကီမွန်းထံပေးမည့်စာအတွက် ထောက်ခံလက်မှတ် ရေးထိုးပေးသွား လေသည်။

ကျွန်ုပ်တို့ချီတက်ရာ လက်ဝဲဘက်တွင် Interlake ကို လှမ်းမြင်ရ၏။ ထိုရေကန်အထက်ပိုင်းတွင်၊ တောင်တန်းငယ်၊ တောအုပ်များလည်း လှပစွာ တွေ့ရှိနိုင်လေသည်။ ရှုခင်းလှလှလေးနှင့်အတူ၊ လေကောင်း လေသန့်ကို ရရှိသောကြောင့် ယနေ့အဖို့ အလွန်ခြေသွက်ကြလေ၏။

(၁ဝ) နာရီ (၄၅) မိနစ်အချိန်တွင် 89 အဝေးပြေးလမ်းပေါ်သို့ လမ်းကြောင်းပြောင်း၍ ချီတက်ကြလေ၏။ လမ်းအကွေ့ရောက်တွင် စက်ဘီးပြိုင်ပွဲလေ့ကျင့်သူ အမျိုးသမီးငယ်နှင့် အမျိုးသမီးကြီးနှစ်ဦးတို့ စက်ဘီးရပ်၍ မေးမြန်းကြ၏။ ထောက်ခံလက်မှတ်ရေးထိုးပေးသွားကြ၏။ နောက်ထိုလမ်းပေါ်တွင်ပင် စက်ဘီးပြိုင်ပွဲ လေ့ကျင့်နေသူ တခြားအမျိုးသမီး (၃)ဦးတို့နှင့် ကျွန်ုပ်တို့တွေ့ဆုံပြောဆိုအပြီး၊ လှိုက်လှိုက်လှဲလှဲနှင့် ကျေနပ်အားရစွာဖြင့်၊ ထောက်ခံလက်မှတ်ရေးထိုးပြီး ရေဗူးပေး၍ နှုတ်ဆက်ထွက်ခွာ သွားကြ၏။

ထိုလမ်းတလျှောက် စက်ဘီးပြိုင်ပွဲအတွက် လေ့ကျင့်နေသူများသည် ကျွန်ုပ်တို့အား အမှတ်တရ ဓါတ်ပုံရိုက်ကူသွားသူတွေ၊ ကံကောင်းပါစေ၊ မင်္ဂလာနံနက်ခင်းပါဟု ဆုတောင်းပေးသွားသူတွေ များပြားလှ၏။

နေ့လည် (၁၂) နာရီတွင် ခေတ္တနားကြပြန်၏။ ခရီးဆက်ကြပြီး နေ့လည် (၁၂) နာရီခွဲအချိန်တွင်၊ လူ (၄) ဦးပါလာသော ကားတစီး ကျွန်ုပ်တို့ချီတက်ရာ ညာဘက်ခြမ်း လမ်းဘေးသို့ ကားထိုးရပ်လိုက်ကြ၏။ နောက် ကားပေါ်မှဆင်းပြီး၊ အမျိုးသမီးငယ် (၃) ဦးသည် သူတို့ပါလာသော ကင်မရာဖြင့် ကျွန်ုပ်တို့ကို၊ ၎င်းတို့ (၃) ယောက်သား၊ တဖျတ်ဖျတ်နှင့် ဓါတ်ပုံအပြိုင်ရိုက်ယူနေကြ၏။


ကျွန်ုပ်တို့ သူတို့ကားအနီးရောက်မှ သူတို့သိချင်သည်များကို ဝိုင်း၍ မေးမြန်းကြ၏။ ကျွန်ုပ်တို့နှင့်အတူ (၄) ရက်မြောက် အားဖြည့်လမ်းလျှောက်နေသည့် အလက်ဇန္ဒားသည် မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ဘာကြောင့်လမ်းလျှောက်နေရသည့်အကြောင်းတွေကို အားရပါးရ ရှင်းပြလိုက်သဖြင့်၊ ၎င်းတို့သည် Ithaca မြို့၊ Cornell တက္ကသိုလ်ကျောင်းသူတွေဖြစ်ကြောင်း၊ သြစတြလျ နိုင်ငံသူ၊ ကနေဒါနိုင်ငံသူ၊ နယူးယောက်သူ၊ Ithaca မြို့သား စသဖြင့် ၎င်းတို့ကိုယ်တိုင် မိတ်ဆက်စကား ဆိုလာ၏။
အလက်ဇန္ဒားရှင်းပြခြင်းကို သိရှိနားလည်ကြသော တက္ကသိုလ်ကျောင်းသူတစုတို့သည် ကျွန်ုပ်တို့အား ထောက်ခံလက်မှတ်ထိုးပေးပြီး နှုတ်ဆက်ထွက်ခွာသွားကြ၏။


ကျွန်ုပ်တို့ခရီးဆက်ပြီး (၅) မိနစ်အကြာ၊ ကျွန်ုပ်တို့ချီတက်ရာ ဘယ်ဘက်ခြမ်း၊ လမ်းထောင့်ထိပ်တွင် အနံ (၅) လက်မ၊ အလျား (၁) ပေခွဲခန့်ရှိ သစ်သားပြားတွင်၊ အင်္ဂလိပ်လိုရေးထားသော BURMA RD ဆိုသည့် ဆိုင်းဘုတ်ကို အရင်လှမ်းတွေ့လိုက်သူ အလက်ဇန္ဒားသည်၊ ဆိုင်းဘုတ်ကို လက်ညိုးတထိုးထိုးဖြင့် BURMA RD ဟု အသံကျယ်ကျယ်ဖြင့်၊ အထိပ်တလန့်အော်ဟစ်နေသောကြောင့်၊ ကျွန်ုပ်တို့ကြည့်လိုက်ရာ၊ ထူးထူးခြားခြား BURMA RD ဆိုသည့် ဆိုင်းဘုတ်ကို၊ အံ့သြစွာ မြင်တွေ့ရလေ၏။ မြင်မြင်ချင်း ခေတ္တဝမ်းသာ သွားမိပေမယ့်၊ ကျွန်ုပ်၏ ရင်တွင်းမှ လျှပ်တပြက်အတွင်း ခံစားချက်တခု ဝမ်းနည်းစွာပေါ်ထွက်သွားခဲ့ရ၏။




အဘယ်ကြောင့်ဆိုသော်၊ ထို BURMA RD ဟု အမည်ပေးထားသောလမ်းကို သေသေချာချာကြည့်မည်ဆိုလျှင်၊ ကျောက်စရစ်ခဲဖြင့်ခင်းထားသည့် လမ်းကြမ်း၊ နောက် ကားတစီးစာသာအကျယ်ရှိ၏။ လမ်းတဖက်တချက်တွင် တောအုပ်ငယ်လေး အုပ်ဆိုင်းဆိုင်းအနေအထားရှိသောကြောင့် လမ်းလေးသည် ကျဉ်းမြောင်းနေ၏။ ထိုလမ်းလေးသည် မြန်မာပြည်သူလူထုတို့သည် ယနေ့ထိ ဒီမိုကရေစီခရီးကြမ်းကို၊ လျှောက်လှမ်းနေဆဲဆိုသည့် အဓိပ္ပါယ်ကို ဖော်ဆောင်နေသလို ခံစားလိုက်ရသောကြောင့်ဖြစ်၏။

မည်သို့ပင်ဆိုစေ၊ ကျွန်ုပ်တို့ မိုင်ပေါင်း (၉ဝဝ) ခရီးရှည်ချီတက်ပွဲ၏ ခရီးတဝက်ကျော်၊ မိုင်ပေါင်း (၅၄ဝ) ခရီး ပေါက်၍၊ မနက်ဖြန်ဆို မြို့ကို ရောက်မည်ဖြစ်၏။ ၎င်းမြို့မှ ဒီမိုကရေစီအင်အားစုများ၊ ကျွန်ုပ်တို့အား လာရောက် ကြိုဆိုမည်ဟု ဆက်သွယ်လာသောကြောင့်၊ ပြည်သူနှင့်အတူ ငါတို့အောင်ပွဲခံမည့်နေ့ နီးလာပြီဟု ကိုယ့်အားကိုယ်ပေး လျှောက်လှမ်းရင်း၊ တနေ့တာသတ်မှတ်ထားသည့်နေရာ ရောက်ရှိပြီဖြစ်သောကြောင့် ရပ်နားလိုက်ကြ၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Tuesday, July 28, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၂ ရက်မြောက်နေ့ 52nd day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၅၂) ရက်မြောက်နေ့
ဇူလိုင်လ ၂၆၊ ၂ဝဝ၉



နံနက် (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် ယနေ့ချီတက်ခြင်းကို စတင်လိုက်ကြသည်။ South 96 A လမ်းအတိုင်းဖြစ်ပါ၏။ မနေ့ကရပ်နားခဲ့ရာ မိုးမခပင်အရိပ်မှ စတင်ခြင်းဖြစ်ပါသည်။ (၁၅) မိနစ် လျှောက်မိ လျှင် Town of Romulas ကို ဝင်ရောက်သည်။

(၉) နာရီခွဲတွင်Sampson State Park ပန်းခြံဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ (၉) နာရီ (၄ဝ) မိနစ်တွင် ပုဂ္ဂိုလ်တဦးကို တွေ့ရသည်။ ပန်းခြံအဝင်ဝတွင် ဖြစ်ပါသည်။ Utah မှ လာသူဖြစ်၏။ ကျွန်ုပ်တို့ ငြိမ်းချမ်းရေး ခရီးရှည်ချီတက်ခြင်းအကြောင်းကို ရေဒီယိုမှ ကြားခဲ့ရသည်ဆို၏။ ဆုမွန်တောင်းပေးရန်လာခြင်းဖြစ်၏။ ငြိမ်းချမ်းရေးဘာသာရပ်ကို လေ့လာနေသူတဦးဖြစ်သည်။ ကိုလံဘီယာတက္ကသိုလ်တွင် မြန်မာ့အရေး၊ လူ့အခွင့်အရေးကို ဆောင်ရွက်နေသူတဦးဖြစ်သည်။ သူသည် Baptist Paster တဦးလည်းဖြစ်ပါသည်။ Fellowship and Reconciliation, Human Rights Dept. မှ ဥက္ကဌ ဖြစ်ပါသည်။
သူ၏အမည်မှာ Paul R Dekar ဖြစ်ပါသည်။ ဇနီးနှင့်အတူ လာရောက်စောင့်ဆိုင်းနေခြင်း ဖြစ်ပါသည်။ ခရီးရှည်ချီတက်ခြင်းအကြောင်း၊ မြန်မာပြည်အကြောင်းများကို ကောင်းစွာမေးမြန်း ပြောဆိုပါသည်။ ကျွန်ုပ်တို့ ဆက်လက်ချီတက်မည့် လမ်းခရီးရှိ တချို့သောမြို့ရွာများတွင် ကူညီနိုင်အောင်ကြိုးစားမည်ဟု ဆိုပါသည်။ လက်မှတ်ထိုးပေးပါသည်။ ဇနီးကလည်း လက်မှတ်ထိုးပေးပါသည်။ ထို့နောက် အပြန်အလှန်ဓါတ်ပုံရိုက်ကြ၏။ ဝိုင်းဖွဲ့ စုရပ်ကြပြီးလျှင် ဆုမွန်ကောင်း တောင်းပေးပါသည်။

ထိုပန်းခြံမှ ဆက်လက်ချီတက်ကြသည်။ (၁ဝ) နာရီ (၂ဝ) မိနစ်တွင် Parking Area တွင် ခဏနားကြသည်။ နေပူပူတွင် တောက်လျှောက်ချီတက်ကြ၏။ တောလမ်းများဖြစ်ပါသည်။ တနာရီကျော်လျှောက်ပြီးလျှင် ခဏနားပါ၏။ ဆက်လက်ချီတက်ရင်း (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် ဤသတည သ် ဥလငိ သို့ရောက်ရှိ သည်။

လမ်းတလျှောက်တွင် ခြံဝင်းအတွင်းမှနေ၍ လှမ်း၍ စုံစမ်းမေးမြန်းသူများ၊ ကားများမှ လက်ပြနှုတ်ဆက်သူများ၊ ကားဖြင့်လိုက်လာပြီးလျှင် ကွေ့ပတ်ကြည့်ရှုသူများ စသည်ဖြင့် ရှိကြပါသည်။ မြို့မှထွက်သော တောလမ်းသို့ ရောက်၏။ အကွေ့တကွေ့ကိုလျှောက်သည်။ ကုန်းတကုန်းကို တက်ပြန်သည်။ ထိုနောက် ဆိတ်ငြိမ်သော တောင်ကုန်းရပ်ကွက်လေးတခု၏ မေပယ်ပင်အရိပ်တွင် နားကြသည်။ နေ့လည် (၁၂) နာရီ (၁၅) မိနစ်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် နေပူမှ ချီတက်လာသည်ဖြစ်ရာ သစ်ရိပ်သာယာသည် အေးမြလှ၏။ ရပ်ကွက်၏ Prospect လမ်းနှင် Seneca လမ်းဆုံရာတွင် နားကြခြင်းဖြစ်သည်။

သစ်ရိပ်တွင် ရှည်ကြာစွာမအေးမြနိုင်ပါ။ ရှေ့ဆက်ကြရဦးမည်။ ဆက်လက်၍ ချီတက်လျှင် မြို့လယ်နှင့်တူသော တောင်ကုန်းထိပ်လေးတခုကို ကျော်ဖြတ်၏။ ထိုမှဆက်လျှင် မြို့မှထွက်သော တောလမ်းသို့ ရောက်ရှိပြန်သည်။ နေ့လည် (၁) နာရီ (၃၅) မိနစ်တွင် County Rd 130 သို့ ကွေ့ဝင်သည်။ ခဏကြာလျှင် South 96 ပေါ်သို့ ပြန်လည် ရောက်ရှိသည်။ ဤနေရာတွင်ပင် (၁) နာရီ (၄ဝ) မိနစ်အချိန်တွင် ယနေ့ခရီးစဉ်ကို အဆုံး သတ်လိုက်ကြသည်။ ထိုစဉ် အဖိုးကြီး အဖွားကြီးမောင်နှံ ကားဖြင့်ရောက်လာပြီး ကျွန်ုပ်တို့၏ ကိစ္စရပ်များကို စိတ်ဝင်စားစွာမေးမြန်းပါသည်။ လက်မှတ်ထိုးပေးပြီးလျှင် ကားကို ပြန်လည်ကွေ့၍ ထွက်ခွာသွားကြပါ၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၅၁ ရက်မြောက်နေ့ 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၅၁)ရက်မြောက်
ဇူလိုင်လ ၂၅၊ ၂ဝဝ၉


နံနက် (၉)နာရီခွဲရန် (၅)မိနစ်အလိုတွင် Geneva မြို့ထိပ်မှ စတင်ချီတက်သည်။ ယနေ့တွင်Ithaca မြို့မှ ရဲဘော်အောင်ဖြိုးဆွေ ပါဝင်ချီတက်သည်။ အင်အားထပ်မံများပြားလာသည်။ ယခုအခါ အမာခံချီတက်နေသော ရဲဘော်များအပြင် ယနေ့အဖို့ ရဲဘော်နှစ်ဦးတိုးလာသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။


(၁ဝ)နာရီတွင် Seneca ရေအိုင်သို့ရောက်ရှိသည်။ ရေအိုင်ဘေးလမ်းမှ ကပ်၍ချီတက်ခြင်းဖြစ်သည်။ လေပြည်သည် ရေအိုင်ကို ဖြတ်၍တိုက်နေ၏။ နံနက်နေခြည်တွင် ရေအိုင်သည် လှိုင်းကြက်ခွပ်များဖြင့် တဖိတ်ဖိတ်တောက်နေ၏။ စနေနေ့အလုပ်အားသဖြင့် ပန်းခြံပတ်ဝန်းကျင်တွင် လှုပ်ရှားသူများပြားပါသည်။

(၁ဝ)နာရီ (၂ဝ)မိနစ်တွင် Seneca Couty, Town of Waterloo သို့ ဝင်ရောက်သည်။ 96 A လမ်းမအတိုင်းလျှောက်နေခြင်းဖြစ်ပါသည်။ (၁၁)နာရီထိုးရန် (၁၅)မိနစ်အလိုတွင် Town of Fayette ဆိုင်းဘုတ်ကိုတွေ့ရသည်။ စက်ဘီးသမားတဦးက မှတ်တမ်းတင်သော ကျွန်ုပ်တို့၏ ကားမှ ရဲဘော်မင်းဆွေဦးနှင့် တွေ့ဆုံမေးမြန်းနေသည်။ ချီတက်သူများကို စောင့်ပြီးနှုတ်ဆက်ပါသည်။ အားပေးပါသည်။ မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသော အကြောင်းများ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းများကို အလက်ဇန္ဒားက ရှင်းလင်းပြောပြသည်။ စက်ဘီးသမားသည် လက်မှတ်ထိုးပေး၏။


၎င်းရပ်နားရာနေရာတွင် ကြည်လင်စိမ်းမြသော ချောင်းတခုကိုတွေ့ရသည်။ အပျော်တမ်းမော်တော်ဘုတ်တချို့ သွားလာနေ၏။ မော်တော်ဘုတ်များစွာ ဆိုက်ကပ်ထားသော ဆိပ်ကမ်းတခုကိုလည်း တွေ့ရသည်။ ဤချောင်းသည် သံတံတား ရထားလမ်းအောက်မှ ငုတ်လျှိုးသွားပြီးလျှင် Seneca ရေအိုင်ကြီးနှင့်ဆက်နေ၏။

ဆက်လက်ချီတက်လာရာ (၁၁)နာရီ (၁၅)မိနစ်တွင် အိမ်တအိမ်မှ အမျိုးသမီးတဦးထွက်လာနှုတ်ဆက်သည်။ ခရီးရှည်အကြောင်းမေးမြန်းပါသည်။ ရှင်းလင်းပြောပြသူမှာ အလက်ဇန္ဒားပင်ဖြစ်ပါသည်။ ထိုအမျိုးသမီးက လက်မှတ်ထိုးပေးပါသည်။ ဘုရားကျောင်းမီနီစတာတဦး ဖြစ်ဟန်တူပါသည်။ သမ္မာကျမ်းစာမှလာသော ကောက်နှုတ်ချက်များ၊ သရုပ်ဖေါ်ပုံများပါသော စာအုပ်လေးများကို ကျွန်ုပ်တို့အားဝေငှပါသည်။ အိမ်ရှေ့ဆိုင်းဘုတ်တွင် ရေးထားသည်မှာ Forget Not the God's Benefits ဖြစ်ပါသည်။


ခရီးစဉ်အတိုင်း ဆက်လျှောက်ပါသည်။ နေ့လည် (၁၂)နာရီထိုးရန် (၅)မိနစ်အလိုတွင် အိမ်တအိမ်မှ မောင်နှမ(၃)ဦးထွက်လာပြီးလျှင် ကျွန်ုပ်တို့၏လုပ်ငန်းကို စိတ်ဝင်စားစွာမေးမြန်းပါသည်။ လက်ကမ်းစာစောင်များ ကိုလည်း ဝေငှပေးပါသည်။ ဘန်ကီမွန်းထံ တင်ပြမည့်စာတွင် (၃) ဦးစလုံး လက်မှတ်ထိုးပေးကြပါသည်။



နေ့လည်(၁)နာရီတွင် Town of Verick သို့ ဝင်ရောက်သည်။ ဝင်ရောက်ပြီး (၅)မိနစ်ကြာလျှင် ခဏနားကြ သည်။ နေပူလှပါသည်။ လမ်းတောက်လျှောက်တွင် လယ်ကွင်းများ၊ စိုက်ခင်းများသာ များပြားပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်သောAmish ရပ်ကွက်များကိုလည်း ကျော်ဖြတ်ရသည်။ လွင်ပြင်များကို ကျော်ရ၏။ှSouth 96 A လမ်းအတိုင်းပင်ဖြစ်ပါသည်။ ရှည်လျားလှသော လွင်တီးခေါင် ကုန်းတခုကို လျှောက်ရသည်။ လေသည် အရှေ့မှ ဆီး၍တိုက်နေ၏။ အလံများ တဖြတ်ဖြတ် ခတ်နေသည်။ တောင်ကုန်းကို တက်ရသည်မှာ အလေးတခုကိုထမ်း၍ တက်သကဲ့သို့ဖြစ်နေသည်။


၎င်းတောင်ကြောကိုတက်ဆဲပင်၊ မွန်းလွဲ (၂) နာရီ (၁၅) မိနစ်တွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။ ပြီးဆုံးသည့် အချိန်တွင်ပင် Finger Lakes Times မှ သတင်းထောက်တဦးသည် ကျွန်ုပ်တို့၏ မှတ်တမ်းတင်ကားကို တွေဆုံမေးမြန်းနေပါသည်။ ခရီးရှည်အဖွဲ့ကို ဓါတ်ပုံများရိုက်ယူသွားပါသည်။





လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Monday, July 27, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၀ ရက်မြောက်နေ့ခရီး 50th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း မိုင် (၅ဝဝ)
(၅ဝ) ရက်မြောက်နေ့ (ဇူလိုင်လ ၂၄၊ ၂ဝဝ၉)


ယနေ့တွင် ကျွန်ုပ်တို့၏ခရီးရှည်အဖွဲ့ကို Ithaca မြို့မှ အလက်ဇန္ဒား လာရောက်ပူးပေါင်းချီတက်သည်။ အလက်ဇန္ဒားသည် ယခင့်ယခင် ချီတက်မှုများတွင်လည်း ပါဝင်ချီတက်ခဲ့ဘူးသူဖြစ်ပါသည်။ ဤနေ့သည် နေသာသောနေ့ဖြစ်ပါ၏။ နံနက် (၁ဝ)နာရီ (၁ဝ)မိနစ်တွင် မနေ့ကရပ်နားခဲ့ရာနေရာ Striker လမ်း၊ နွားခြံဘေးမှ စတင်လိုက်ကြသည်။

(၁ဝ)နာရီ (၅) မိနစ်တွင် Route 88 သို့ရောက်ရှိသည်။ ဆက်လက်ချီတက်ကြ၏။ (၁၁)နာရီထိုးရန် (၁၅)မိနစ်အလိုတွင် Village of Phelps သို့ရောက်ရှိသည်။ ခမ်းနားသောရွာဖြစ်၏။ (၁၁)နာရီတွင် Methodist Memorial Park ကိုဖြတ်ကျော်သည်။ မြို့ထက်လှသောရွာဟုဆိုရမည်။ မြို့တော်အင်္ဂါရပ်များနှင့် ပြည့်စုံလှ၏။ (၁၁)နာရီ၊ မိနစ်(၄ဝ)တွင် ခေတ္တနားကြသည်။ ပြောင်းခင်းတခုနှင့် မြင်းခြံတခုအကြားတွင်ဖြစ်ပါသည်။ (၁၂)နာရီတွင် ပြန်လည်ချီတက်ကြသည်။ ရွာကိုကျော်သည်နှင့် တောလမ်းသို့ပြန်ရောက်၏။ ထရပ်ကားများ၊ ကုန်ကားများ၊ စသည်ဖြင့် ကားအမျိုးမျိုး အသွားအလာထူထပ်လှသောလမ်းဖြစ်ပါသည်။ Route 88 လမ်းမှ ထွက်ပြီးနောက် E 96 အတိုင်းသွားနေခြင်းဖြစ်သည်။

ဘိလပ်မြေထုတ်သော စက်ရုံတခုကို တွေ့ရသည်။ စီးပွားရေးနယ်မြေနှင့် ဥဒဟိုပြုနေပုံရပါသည်။ လမ်းကျဉ်းသောနေရာတွင် ကားများကိုရှောင်နေရသည်က ကိစ္စတရပ်ဖြစ်နေသည်။ လမ်းချိုးတခုတွင် E 96 လမ်းမှ တခါထွက်၍ S 14 သို့ဝင်သည်။ ကုန်းခေါင်ခေါင်လမ်းဖြစ်သည်။ နေပူလှ၏။ (၁)နာရီထိုးရန် (၁၅)မိနစ်အလိုတွင် ခဏနားကြသည်။

S 14 အတိုင်းဆက်လက်ချီတက်ကြ၏။ ခရီးဆုံးခါနီးအချိန်တွင် အိမ်တအိမ်မှ အမျိုးသမီးတဦးထွက်တွေ့ နှုတ်ဆက်ပြီး ကျွန်ုပ်တို့၏ ခရီးရှည်အကြောင်းမေးမြန်းပါသည်။ လက်ကမ်းစာစောင် ပေးလိုက်ပါ၏။ ထိုအမျိုးသမီးသည် မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း လုံးဝ မသိသူဖြစ်ပါ၏။ ယနေ့ ပူးပေါင်း လာသော အလက်ဇန္ဒားသည် ထိုအမျိုးသမီးကို အထူးတလည်ရှင်းပြပါ၏။ အဟောအပြော ကျွမ်းကျင်သူဖြစ်ပါသည်။

ဆက်လက်ချီတက်၍ သိပ်မကြာခင် သတင်းထောက်တဦးစောင့်လျက် အရှေ့က သွားနှင့်သောရဲဘော်များကို သတင်းမေးမြန်းနေပါသည်။ ရဲဘော် ကဘောယူက ရှင်းလင်းဖြေကြားပေးနေပါ၏။ သတင်းထောက်က ဓါတ်ပုံတဖြတ်ဖြတ်ရိုက်နေသည်။ Geneva မြို့  Fingerlakes Time မှ သတင်းထောက်ဖြစ်ပါသည်။

Geneva Foreign & Sports အမည်ရှိသော ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ ထူးခြားသောအဆောက်အဦနှင့် ဝင်းတဝင်းဖြစ်ပါသည်။ ရှေ့တွင် Geneva မြို့သို့ဝင်ရောက်တော့မည်ဖြစ်ပါ၏။ မြို့ဝင်ခါနီးနေရာ (၂)နာရီ (၁၅)မိနစ်တွင် ယနေ့အဖို့ ခရီးကို အဆုံးသတ်လိုက်ကြသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Saturday, July 25, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၉ ရက်မြောက်နေ့ ခရီးစဉ် 49th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၄၉)ရက်မြောက်နေ့
ဇူလိုင်လ (၂၃၊ ၂ဝဝ၉)


ယနေ့အဖို့ စတင်မထွက်ခွာသေးခင်ကတည်းက တမနက်လုံးမိုးရွာနေ၏။ ဤနေ့သည် တည်းခိုရာ နေရာ Rochester မြို့၊ ကိုဆန်နီဟန်၏ အိမ်တွင် (၄)ရက်တည်းခိုပြီး ထွက်ခွာသောနေ့ ဖြစ်သည်။ Ithaca မြို့သို့ဦးတည်ပါသည်။ Rochester မြို့တွင်နေစဉ် အစစ ကူညီပေးခဲ့သော ကိုဆန်နီဟန်၊ မသန်းသန်းစိုး တို့ဇနီးမောင်နှံနှင့်တကွ မြို့ခံမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။ လမ်းခရီးတောက်လျှောက်တွင် ထိုကဲ့သို့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ အလှူငွေ စသည်တို့ကို ကူညီသည့် ရဲဘော်ရဲဘက်များ၊ မိတ်ဆွေများ၏ အထောက်အပံ့မှာ ကျွန်ုပ်တို့အတွက် ကြီးမားလှပါသည်။

(၉) နာရီခွဲတွင် Ontario County, Town of Manchester ကိုကျော်ဖြတ်သည်။ တောနယ်များကိုသာ ကျော်ဖြတ်ရခြင်းဖြစ်၏။ ဤအရပ်တွင် မြို့သည်လည်းကောင်း၊ ရွာသည်လည်းကောင်း မကွဲပြားလှပါ။ အကြောင်းမူ တောလမ်းနှင့်တကွ စိုက်ခင်းများသာပြည့်နှက်နေသောကြောင့်ဖြစ်သည်။ ဤနေ့သည်လည်း နံနက်စောစောတွင် မိုးရွာခဲ့သည်ဖြစ်သောကြောင့် စိုစွတ်သော လန်းဆန်းသော ပတ်ဝန်းကျင်ကို ကျော်ဖြတ်ရ သည်။

(၁ဝ)နာရီထိုးရန် (၁၁)မိနစ်အလိုတွင် County Rd 7 နှင့် County Rd 27 လမ်းဆုံ မီးပွိုင့်အနီးတွင် ခေတ္တနားကြသည်။ ၎င်းမီးပွိုင့်အနီး တဲကလေးတလုံးတွင် ပြောင်းဖူးနှင့် သခွားသီး လတ်လတ်ဆတ်ဆတ်များ ရောင်းနေသည်။ ဆိုင်ရှင်စောင့်မနေပါ။ ကျသင့်သလောက် ရှင်းပြီးထားခဲ့ရန်ဖြစ်ပါ၏။ ယနေ့လျှောက်ခဲ့သမျှ တလမ်းလုံးတွင် ပြောင်းခင်းများ၊ စိုက်ခင်းများ၊ နွားခြံများ၊ မြင်းခြံများကိုသာ တွေ့ရ၏။ စိုက်ပျိုးမွေးမြူရေး အရပ်ဟုဆိုရပါမည်။

အမေရိကန်ပြည်သည် ကမ္ဘာကိုဦးဆောင်နေသော စက်မှုနိုင်ငံဖြစ်၏။ လောလောဆယ် ဤတောလမ်းတွင် မြင်တွေ့ရသည်တို့မှာ ကြီးကျယ်လှသော စိုက်ခင်းများဖြစ်၏။ ºကွယ်ဝစေရေး၊ လုပ်အားပေး၊ မနှေးစိုက်ပျိုးပါ ဆိုသည်မှာ မျက်စိကန်း တစ္ဆေမကြောက်သူများက တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကာ ပြည်သူလူထုအပေါ် လူပါးဝရန်မဟုတ်။ စစ်ဗိုလ်များအုပ်ချုပ်သော ခေတ်မဟုတ်။ ကောင်စီလူကြီးကို ကြောက်ရမည့်အရပ်မဟုတ်။ လူအုပ်ချုပ်သော တိုင်းပြည်ဖြစ်၏။ အနှစ်မရှိသောကြက်ဆူတောတွင် ဦးခေါင်းမရှိဘဲ မျက်မှန်တပ်နေသော၊ လက်ညိုးညွန်ရာ ဒုက္ခရောက်နေသော HIV နိုင်ငံမဟုတ်ပေ။ မိမိစိုက်ပျိုးသော သီးနှံကို မိမိပိုင်ဆိုင် သည်သာ ဖြစ်၏။ သာယာဝပြောလှပါသည်။

လျှောက်ရင်း နားရင်း တွေ့ရသည်များမှာ ဧရာမ ပြောင်းခင်းများနှင့် နွားခြံများဖြစ်၏။ ခဏတာ ရပ်နားရသော နေရာများမှာလည်း ဤသို့သော ပြောင်းခင်းများ၊ နွားခြံများသာဖြစ်၏။ (၁၁) နာရီ (၁ဝ) မိနစ်တွင် McBerny လမ်းသို့ချိုးကွေ့ဝင်သည်။ ကြည့်လေရာတိုင်း စိုက်ခင်းတို့ဖြင့်သာ ပြည့်နှက်နေသည်။ စိမ်းစိုနေ၏။ တချို့နေရာများမှာ ရိတ်သိမ်းပြီးသောရိုးပြတ်တောများဖြစ်၏။ ဆောင်းတွင်းမရောက်မချင်း စိုက်ပျိုး နေမည့်သဘောဖြစ်သည်။ နေ့လည် (၁၂) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် လမ်းရှိပြောင်းခင်း တခုဘေး၊ နွားခြံတခုအနီးတွင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၄၈ ရက်မြောက်နေ့ခရီး 48th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၄၈) ရက်မြောက်နေ့
ဇူလိုင်လ (၂၂၊ ၂ဝဝ၉)



မြူနှင်းတို့ဝေနေသောနေ့ဖြစ်၏။ နံနက် (၈) နာရီ (၄ဝ) မိနစ်တွင် စတင်ချီတက်ကြသည်။ တောလမ်း သက်သက်သာဖြစ်၏။ နှင်းတို့ဝေနေသဖြင့် ကဗျာစပ်ချင်စရာဖြစ်သည်။ ကျွန်ုပ်တို့အဖွဲ့သည် လက်နက်လေးမြား ဓါးလှံစသည်ကို မကိုင်ဆောင်သောအဖွဲ့ဖြစ်ပါ၏။ နတ်သျှင်နောင်သည် စစ်မြေပြင်အရပ်တွင် ကဗျာအပေါင်းကို မည်ကဲ့သို့ဖန်တီးခဲ့ပါသနည်း။ ညကတည်းကရွာခဲ့သောမိုးကြောင့် တောအလုံးသည် မှိုင်းရီနေ၏။ ခပ်လှမ်းလှမ်း ကြည့်လေရာတိုင်းတွင် မြူနှင်းတို့ဖုံးလွှမ်းထားပါ၏။

တောလမ်းသည် တော၏သဘောကို ဆောင်လျက်ရှိသည်။ နေပြင်းထန်စွာမပူသောနေ့၊ မိုးမရွာသောနေ့၊ မြို့ပြဧရိယာကို မဖြတ်သန်းရသော ယခုကဲ့သို့သောနေ့မျိုးတွင် ကျွန်ုပ်တို့အဖွဲ့သည် တိတ်တိတ်ဆိတ်ဆိတ် ကဆုန်စိုင်းကြသည်မဟုတ်ပါလော။ တိတ်ဆိတ်စွာပင် ကျွန်ုပ်တို့အဖွဲ့သည် တတောက်ပြီးတတောက် လျှောက်လှမ်းကြပါ၏။ (၁ဝ)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် လိုကယ်ဟိုင်းဝေးတနေရာတွင် ခဏနားကြပါ၏။ ခဏနားပြီး ဆက်လက်ချီတက်ကြရာ (၁ဝ) နာရီ (၅) မိနစ်တွင် Oranto Veteran Memorial Highway ကိုကျော်ဖြတ်၏။


ဆက်လက်ချီတက်ရင်း (၁၁)နာရီထိုးရန် (၁၅)အလိုတွင် ခဏနားကြပြန်သည်။ ယင်းကဲ့သို့ခဏနားနေကြစဉ် အမျိုးသမီးတဦး ကားဖြင့်ရောက်လာပါသည်။ ကျွန်ုပ်တို့၏ ခရီးရှည်ချီတက်ခြင်းအကြောင်း၊ မြန်မာပြည် အကြောင်းများကို မေးမြန်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း ကျွန်ုပ်တို့ကပြောပြပါသည်။ ထိုအမျိုးသမီးသည် ဘာသာတရား၌ အထူးကိုင်းရှိုင်းပုံရပါသည်။ ကျွန်ုပ်တို့ရှင်းပြသည်များကို နားထောင်ပြီးလျှင် အလွန်သိမ်မွေ့ပြောကြားပါ၏။ လိုရင်းဆိုရသော် မြန်မာပြည်ကိစ္စကို မြန်မာပြည်သူတို့ကသာလျှင် ဆောင်ရွက် ရမည့်အရေးဖြစ်ပါသည်။ အမေရိကန်တို့က လူကိုယ်တိုင်စွက်ဖက်ကျူးကျော်လိမ့်မည်မဟုတ်။ အမေရိကန်ပြည် ၌ လာရောက်ချီတက်နေသော ကျွန်ုပ်တို့အား အဖဘုရား၏မေတ္တာတော်ကိုပို့သပါသည်။ ကျေးဇူးတင်ပါသည်။



(၁၁) နာရီထိုးပြီး (၁၅) မိနစ်တွင် Welcome to the Community of Macedon ဆိုင်းဘုတ်ကိုကျော်ဖြတ်သည်။ မှုန်မှိုင်းသောရာသီဥတုကိုကျော်ဖြတ်ချီတက်၏။ (၁)နာရီထိုးရန် မိနစ်(၂ဝ)အလိုတွင် Macedon မြို့ကလေးမှ ထွက်ခွာသွားပြီဖြစ်သည်။ ဤမြို့ကလေးမှ ထွက်လျှင်ထွက်ချင်းပင် Village of Palmyra ဆိုင်းဘုတ်ကိုကျော်ဖြတ်ဝင်ရောက်သွားပါသည်။ နေ့လည် (၁)နာရီ (၁၅)မိနစ်တွင် ၎င်းရွာကလေးမှ တဖန်ထွက်ခွာသွားပါ၏။ တိတ်ဆိတ်လှသော တောတောင်လမ်း ကလေးကိုဖြတ်သန်းရင်း နေ့လည် (၁)နာရီခွဲတွင် ယနေ့အဖို့ သတ်မှတ်သော ခရီးသည်ပြီးဆုံးပါ၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Followers

Blog Archive