Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, August 31, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၅ ရက်မြောက်ခရီး 85th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၈၅) ရက်မြောက်
သြဂုတ်လ (၃၁) ရက်၊ ၂ဝဝ၉



ခရီးရှည်အဖွဲ့သည် နံနက် (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် Highlands မြို့ ဝံသာနုဥယျာဉ်မှ စတင်ချီတက် သည်။ ငါးမိနစ်ခန့်လျှောက်ပြီးသော် လမ်းတွင် လူတဦးနှင့်တွေ့သည်။ ဘတ်ဖလိုးမြို့တွင် လမ်းလျှောက်ကြစဉ်က ဘုန်းတော်ကြီးများ ပါဝင်သည်ကို သူတွေ့ခဲ့ရကြောင်း၊ အခုလောလောဆယ် ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့တွင် သံဃာများကို မတွေ့ရသဖြင့် မေးမြန်းပါသည်။

ခရီးစဉ်တလျှောက် မြို့အသီးသီးကို ဖြတ်သန်းခိုက် မြို့ခံလူများက အားဖြည့်ကူညီချီတက်ကြပုံကို ရှင်းပြရသည်။ ထိုသူသည် ကျွန်ုပ်တို့၏ ချီတက်မှုကို အထူးအားပေး၏။ ဘန်ကီးမွန်းထံတင်ပြမည့်စာတွင်လည်း လက်မှတ် ထိုးပေးပါသည်။ အောင်မြင်စေကြောင်းဆုတောင်းပေးပါ၏။

(၉) နာရီ (၁ဝ) မိနစ်တွင် Front Montgomery State Historic Site ဆိုင်းဘုတ်ကို တွေ့ရသည်။ (၉) နာရီ (ဝ) မိနစ်တွင် လမ်းဆုံလမ်းခွသို့ရောက်သော် 9 W S သို့ ဖြတ်ဝင်ကြသည်။ လမ်းမအတိုင်းဝင်ရောက်သော် Bear Mt. State Park ပန်းခြံကိုကျော်ဖြတ်သည်။ လက်ယာဘက်ဘေးတွင် ကျောက်တောင်စောင်းတွင် ရှည်လျား သောရေကန်တခုကိုတွေ့ရသည်။
တဆက်တည်းပင် Rockland County သို့ ဝင်ရောက်သွားပါသည်။ တောလမ်းသို့ရောက်ကြခြင်းဖြစ်၏။ တော နှင့်တောင်နှင့် ရေကန်နှင့်ဖြစ်ပါသည်။ (၁ဝ) နာရီ (၄ဝ) မိနစ်တွင် Iona Island Bird Sanctuary သို့ ရောက်ရှိ၏။ ရှည်လျားကျယ်ပြောသောနယ်မြေတခုဖြစ်ပါသည်။ ရေဝပ်သော ကိုင်းတောကြီး ဖြစ်၏။ ရေ၌ကျက်စားသောငှက်အပေါင်း၏ ပျော်စံရာဖြစ်ပါသည်။
လမ်း၏လက်ယာဘက်သည် ကျောက်တောင်ကြီးဖြစ်၏။ သစ်တောများဖုံးလွှမ်းနေသည်။ ရေပျော်ငှက် အပေါင်း၏ဌာနချုပ်ဖြစ်သော ကိုင်းတောလွင်ပြင်ကို တောင်ကုန်းပေါ်မှ ဆီးကြည့်သော် ကျယ်ပြန့်လှသည်ကို တွေ့ရ၏။ အလယ်တွင် ကျောက်တောင်တခုတည်ရှိသည်။ ချောင်းကလေး၊ မြောင်းကလေးများမှာ ဟိုမှသည်မှ စီးဆင်းနေကြသည်။ ဤတော၏အလွန်တွင်ကား စိမ်းမြရေနဒီ ကျောက်ကမ်းပါးခွေလည် နေခြည်ကိုကြိုနှင့်၏။

လှပသောရှုခင်းဖြစ်ပါသည်။ ဟိုမှာဘက်ကမ်းကို လှမ်းမြင်နေရ၏။ အဆောက်အဦများ၊ တံတားများ၊ လမ်းများကို တွေ့ရသည်။ အတက်အဆင်းရှိသော မှိုင်းညို့နေသော တောလမ်းအတိုင်းဆက်လက်ချီတက်သော် Vietnam Veteran Memorial Highway သို့ရောက်ရှိသည်။ (၁ဝ) နာရီ (၄၅)မိနစ်တွင် ဟဒ်ဆင်မြစ်ကမ်းတနေရာ ရောက်သော် Department of Commerce Maritime Administration/1971 ဟု ကျော်တုံးတွင် ထွင်းထု ထားသည်။ တဖက်ကမ်းသို့လှမ်းကြည့်သော် ညုကလီးယားဓါတ်ပေါင်းဖိုကို တွေ့ရ၏။ အရေးထဲတွင် ကင်မရာဓါတ်ခဲ ဒေါင်းသွားလေ၏။

ဤနေရာသို့ လွန်ခဲ့သော (၂) နှစ်တွင် ခရီးရှည်အဖွဲ့ရောက်ခဲ့ပြီ။ ဂရက်ဖတန်မြို့ ငြိမ်းချမ်းရေးဘုရားမှ ဂျပန် သီလရှင်သည် ထွက်စ နေဝန်းနီနီကို ဤနေရာမှ ပူဇော်၍ ဂါထာရွတ်ခဲ့သည်။ တချို့သော အမှတ်အသား နေရာသို့ရောက်သော် အတိတ်ကိုသတိရ၏။ ဖြတ်သန်းသွားသော ကားများကလည်း နှုတ်ဆက်ကြ၏။

(၁၁) နာရီ (၁ဝ) မိနစ်တွင် Tomkins Cove သို့ဝင်ရောက်၏။ ဆယ့်ငါးမိနစ်ခန့်ဝင်ပြီးသော် Tomkins Cove Public Libarary ကို တွေ့ရသည်။ ရွာဟုဆိုရမလား၊ ရပ်ကွက်ဟုဆိုရမလား မသိသော်လည်း မြစ်ကမ်းအနီး တောက်လျှောက်တွင်ကား ဖွဲ့စည်းပုံ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ (၁၁) နာရီခွဲတွင် Elm Ave လမ်း၌ ခဏနားကြ၏။

တလမ်းလုံးသည် အတက်အဆင်းများဖြစ်သော်လည်း ပြေပြေပြစ်ပြစ်ရှိ၏။ အေးအေးချမ်းချမ်းရှိသော ရက်ကွက်ကို ကျော်ဖြတ်သည်။ နေ့လည် (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် စက်ဘီးစီးသောလူတဦးကို တွေ့ရသည်။ ဖြတ်ကျော်သွားပြီးမှ ပြန်လှည့်လာကာ ဓါတ်ပုံရိုက်ခွင့်တောင်း၏။ နယူးယောက်မြို့တွင် နေထိုင်သူဖြစ်သည်။ ကနေဒါနိုင်ငံသားဖြစ်၏။ မြန်မာပြည်နှင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို သိရှိသူဖြစ်သည်။ အားပေးထောက်ခံ၏။ လက်မှတ်လည်းထိုးပေးသွားပါသည်။

ှStony Point သို့ ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းစည်ကားလာသော ရပ်ကွက်ကို ကျော်ဖြတ်သည်။ (၁၂) နာရီ (၁၅) မိနစ်တွင် 108 လမ်းဆုံအနီး၊ Hudson Corner/The Tanning Point အဆောက်အဦရှေ့တွင် ယနေ့အဖို့ပြီးဆုံးသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Sunday, August 30, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၄ ရက်မြောက်ခရီး 84th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၄) ရက်မြောက်
သြဂုတ်လ (၃ဝ) ရက်၊ ၂ဝဝ၉


နံနက် (၈) နာရီခွဲခါနီးတွင် Continental လမ်းမှ စတင်ထွက်ခွာသည်။ တောင်ကြောကြီးကို စိတ်ကူး၍ တက်ရ မည်ဖြစ်သည်။ စိတ်ကူးယဉ်၍ပင်အချိန်မရလိုက်။ စထွက်သည်နှင့် တောင်ကို စတက်ရတော့၏။ လိုကယ် ဟိုင်းဝေးလမ်းသည် ဤနေရာတွင် လမ်းလျှောက်ရန်အတွက် မသင့်တော်သော နေရာဖြစ်နေသည်။


တောက်ကြောကို တောက်လျှောက်တက်ပြီး (၉) နာရီထိုးလျှင် တောင်ကုန်းထိပ်တခုသို့ရောက်ရှိသည်။ ဤနေရာတွင်ခဏနားကြသည်။ တောတောင်တို့ကို မြူတို့ဖုံးလွှမ်းထားသကဲ့သို့ ချောက်အတွင်းတွင်လည်း မြူတို့ဖြင့်အတိပြီးသောကြောင့် ပင်လယ်လော ကောင်းကင်လော ခွဲခြား၍မသိနိုင်ပါ။ ဖြူတူတူမှလွဲ၍ အရာ တခုကိုမျှမမြင်ရပါ။ ချောက်အတွင်းမှတက်လာသော အနီးရှိတောင်ထွတ်တခုကိုတွေ့ရသည်။ မြူတို့ ရစ်ဆိုင်း နေ၏။

“မြူခိုးရယ်မှောင် ဟိုတောင်ကြော့ခါးပန်း ရွှေဥဒေါင်းငယ်တို့” ဟု စာကဆိုရာ လောလောဆယ် တောင်ခါးပန်း တွင် မြူခိုးတို့မှောင်နေပြီ၊ ကျွန်ုပ်တို့ထမ်းလာသော အလံသည် ရွှေဥဒေါင်းပင်မဟုတ်ပါလား။ လမ်းတွင် တွေ့သော ဝါးရုံတောမှ ဝါးသုံးချောင်းကို ရဲဘော်မင်းဆွေဦးက အမှတ်တရ ခုတ်ယူလာရာ စာဆို၏ကဗျာနှင့် ကျွန်ုပ်တို့အခြေအနေသည် များစွာကိုက်ညီသွားလေတော့၏။ ဤလမ်းတွင် ကြံကြံဖန်ဖန်ဝါးရုံကို တွေ့ရခြင်း ဖြစ်သည်။



ဤတောင်ကြားလမ်းသည် ကျောက်တောင်ကြီးကြားတွင်ရှိသောလမ်းဖြစ်သည်။ အမည်မှာ ‘လွတ်မြောက်ရေး လမ်း Freedom Rd ဟူ၏။ တောင်ထိပ်ရှိဆိုင်းဘုတ်တွင်ရေးထိုးထားသည်မှာ အောက်ပါ အတိုင်းဖြစ်သည်။







Freedom Rd
The Route Traveled by the 52 American Hostages from Stewart Airport to West Point after Their Release from Captivity in Iran/ January 25, 1981



(၁၉၈၁) ခုနှစ်တွင် အမေရိကန် ၅၂ ယောက်သည် အီရန်နိုင်ငံတွင် ဓါးစာခံအဖြစ်မှ ပြန်လည်လွတ်မြောက် လာသောအခါ ဤလမ်းမှခရီးသွားကြသည်ဆို၏။ ကျွန်ုပ်တို့မူကား အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် ဤလမ်းမှ ချီတက်နေကြခြင်းဖြစ်သည်။



ခဏနားပြီး ပြန်ထွက်သည်နှင့် မြူထဲသို့တိုးဝင်သွားရ၏။ ကားအသွားအလာသတိထားရသည်။ မီးထိုးပြီး မောင်းနေကြ၏။ (၉) နာရီခွဲတွင် တောင်ကြောတနေရာရောက်သော် Town of Highlands ဟူသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ဘာမျှမရှိသောနေရာ မြို့ဆိုင်းဘုတ်တပ်ထားခြင်းမှာ ဆန်းတော့ဆန်းနေ၏။





ဆိုင်းဘုတ်ကိုလွန်လျှင် နေသည်လင်းကနဲပွင့်လာ၏။ သို့သော်ရှေ့လျှောက်သော် မြူတို့အကြီးအကျယ် ပိတ်နေသဖြင့် ချီတက်မှုကို ရပ်ဆိုင်းထားရသည်။ အကြောင်းသော် အလွန်အန္တရာယ်ကြီး၏။ ရဲဘော်မသေ သေသော်ငရဲမလားဘဲ တခါထဲနတ်ပြည်ရောက်သွားနိုင်သည်။ တဖန် နေရောင်လင်းလာပြန်၏။ သို့သော် နေရောင်ကတခြား မြူဖုံးနေသည်က တခြားသာဖြစ်သည်။




ဤကျောက်တောင်ကြီးအောက်တွင် အဘယ်သို့သော ကျောက်သံပတ္တမြားတို့ကို နဂါးတို့ဝှက်ထားဘိသနည်း။ ကျောက်တောင်ကြောကြီးကို တောအုပ်ဖြင့်ဖုံးလွှမ်းထားသည်။ လက်ဝဲဘက်ရှိတောကိုလည်း မြင့်မားသော သံကြိုးတောက်လျှောက်ခတ်၍ US Military Reservation ဟု ဆိုင်းဘုတ်ရေးထားသည်။




နေအပွင့်တွင် နှင်းအပျယ်ကို စောင့်ပြီးနောက် ဝိုးတဝါးကြားတွင်ပင် ဆက်လက်ချီတက်ကြ၏။ သည်းထိပ် ရင်ဖိုရှိလှသော တောင်ခါးပန်းစောင်းအကွေ့တခုကို လျှောက်ရသည်။ လူတစုသည် မြူအထုတွင် အလံထူ၍ တရိပ်ရိပ်ရွေ့လျားနေသည်ကို ကားများကတော့အမြင်ကပ်မည့်ပုံပေါ်သည်။ အကြောင်းမူ ဤကျပ်တည်း လှသော တောင်ကြောလမ်းအကွေ့အကောက်တွင် မြူပိတ်နေသဖြင့် လမ်းကို သတိထား နေရသည် မဟုတ်လော။




အတန်ငယ်လျှောက်မိလျှင် နေသည်အတန်အသင့်လင်းလာ၏။ သို့ဖြင့် ကျောက်သံပတ္တမြားကြော သို့မဟုတ် နာဂါဂီရိ ဟုဆိုအပ်သော နဂါးပြည်မှသက်သော် မြေအပြင်သို့ရောက်၏။ မြေပြန့်ဆိုသော်လည်း ဤဒေသ သည် တောင်ကုန်းဒေသဖြစ်သောကြောင့် တောင်ကြောတနေရာတွင်သာ ရှိနေပါသေးသည်။




ဆိုင်ကယ်အုပ်စုများ၊ ကားများကလည်း တဝီးဝီးမောင်းနှင်လျက်ရှိသည်။ ကားမောင်းရန်အတွက်သာ ရည်ရွယ်သောဤလမ်းတွင် လျှောက်နေရသဖြင့် နည်းနည်းတော့ခက်ခဲသည်။ (၁၁) နာရီတွင်ခဏနားကြသည်။ ထို့နောက်ဆက်ထွက်သော် (၁၁) နာရီ (၂၅) မိနစ်တွင် West Point Museum ဟူသောဆိုင်းဘုတ်ကို တွေ့ရသည်။




နေ့လည် (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် Fort Montgomery အရပ်သို့ရောက်၏။ ဆိုင်ကယ် အုပ်စုတစုကို တွေ့ရသည်။ သူတို့သည် ဓါတ်ဆီဆိုင်တဆိုင်တွင် ခဏနားကြ၏။ သူတို့လည်း တစုံတခုသော ခရီးကို ချီတက်နေကြဟန်တူသည်။ (၁၂) နာရီတွင် Highlands မြို့၊ Patriot Garden ယနေ့အဖို့ ခရီးစဉ်ပြီးဆုံး သည်။ ဘေးတွင် တောရိပ်တို့ရှိသဖြင့် အေးချမ်းလှသော ရေကန်တကန်ကို တွေ့ရသည်။






ယနေ့သည် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ Beacon မြို့ မိတ်ဆွေတယောက်၏အိမ်တွင် တည်းခိုနေရာမှ နယူးဂျာစီသို့ ပြောင်းရွှေ့တည်းခိုသောနေ့ဖြစ်ပါသည်။ မနက်ဖြန်တွင် Highlands မြို့မှ ပြန်လည်စတင်ပါဦးမည်။





လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Saturday, August 29, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၃ ရက်မြောက်နေ့ခရီး 83th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၃) ရက်မြောက်
သြဂုတ်လ (၂၉) ရက်၊ ၂ဝဝ၉

နံနက် (၈) နာရီတွင် Balmville ရပ်ကွက်၊ Balmville School ကျောင်းဘေးမှ စတင်သည်။ အခုတလော ရာသီဥတုသည် မလင်းပါ။ မလင်းသည့်အပြင် မိုးမှုန်တို့ကျနေသည်။ ကျောင်းကိုလွန်သော် တောလမ်းသို့ ရောက်၏။ ကျဉ်းသောလမ်းရှိသည်။ သို့သော်တော်ပါသေးသည်။ ကားအသွားအလာသိပ်မရှိပါ။

တောလမ်းကိုလွန်သော် မြို့ပြနယ်မြေသို့ ရောက်ပြန်၏။ တိတ်တိတ်ဆိတ်ဆိတ်ရှိ၏။ စနေနေ့ဖြစ်သောကြောင့် ထင်ပါသည်။ မြို့၏လမ်းဆုံလမ်းခွများသည် တစုံတရာကျယ်ဝန်းမှုရှိ၏။ မဆိုးလှသောမြို့ကလေးဖြစ်ပါသည်။ (၃) မိုင်ခရီးကို လျှောက်မိလျှင် မြို့လယ်သို့ရောက်၏။ သို့သော်ဆက်လျှောက်ကြ၏။ စထွက်ကတည်းက ကဆုန်စိုင်း လာကြသဖြင့် စောစောရောက်ခြင်းဖြစ်သည်။

သမင်ကလေး၊ ဒရယ်ကလေးများသည် အမိဝမ်းဗိုက်မှထွက်၍ မြေသို့ကျသည်နှင့် လေသလပ်သော် ထရပ်ရန်ကြိုးစားကြ၏။ ထို့နောက် ကဆုန်ပေါက်ပြေးတော့သည်။ မပြေး၍မဖြစ်။ ကျေးဇူးရှင်တို့က စောင့်နေကြသည်မဟုတ်လော။ ဤသည်ကား တော၏ဥပဒေဖြစ်၏။ ကျွန်ုပ်တို့အဖွဲ့သည် အနောက်က ကျေးဇူးရှင်လိုက်လာသကဲ့သို့ပင် သဘောထား၍ နေရောင် လုံးဝမထွက်သော ဤနေ့တွင် ကဆုန် ပေါက်ချီတက်ကြတော့၏။

အင်္ဂုလိမာလနှင့် တဖြည်းဖြည်းနီးစပ်လာပြီ။ အင်္ဂုလိမာလသည် မျက်စိတဆုံးတွင် ပြေးနေသောမြင်းနောက်သို့ တဟုန်တည်းလိုက်၍ လူကိုဖမ်းသည်ဆို၏။ သူသည် လူ၏လက်ညိုးကိုဖြတ်ရန် ပြေးလွှားနေခြင်းဖြစ်၏။ ဗုဒ္ဓနှင့်တွေ့သော် အမှန်တကယ်ငြိမ်းချမ်းခြင်းသို့ရောက်၏။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအလို့ငှာ လမ်းလျှောက်နေကြသူများဖြစ်၏။ ဗုဒ္ဓနှင့်ကား ရှေးဟောင်းပစ္စည်းဆိုင်တွင် တွေ့ဆုံခဲ့ပြီ။ သို့သော် မငြိမ်းချမ်း သေး။

(၉) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် လမ်းဆုံတခု၌ ခဏနားကြသည်။ ဆက်လျှောက်သော် တောင်ကြော တခုသို့တက်သွား၏။ အဝေးတွင် မြစ်၏အခြားတဖက်၌ တောင်တန်းသည် မြူခိုးတို့ဖြင့်ဖုံးလွှမ်းလျက်ရှိ၏။ မိုးဖွဲဖွဲကျနေသည်ဖြစ်၍ ပတ်ဝန်းကျင်သည် တောတို့အထက်တွင် မိုးမြူတို့ဖြင့် ရစ်သိုင်းထား၏။ မြို့အတွင်း တွင်ပင် ဝေဝေမှိုင်းမှိုင်းဖြစ်ပါသည်။



မြို့လမ်း၊ တောလမ်း စသည်တို့ကို ဖြတ်ကျော်ပြီးနောက် (၁ဝ) နာရီထိုးရန် (၅) မိနစ်အလိုတွင် Applied Systems Technology System, Inc. အဆောက်အဦဘေးတွင် ခဏနားကြသည်။ (၁ဝ) နာရီထိုးပြီးသော် ပြန်ထွက်ကြသည်။ Orange County Radiation Oncology အဆောက်အဦတခုကို တွေ့ရ၏။ နေသည်လုံးဝ မလင်းသည့်အပြင် မိုးဖွဲဖွဲတို့သည် တမနက်လုံးကျနေ၏။


ကားအသွားအလာသိပ်မရှိဟု ထင်ခဲ့မိသည်။ တဖြည်းဖြည်းဖြင့် များပြားလာ၏။ လမ်းကျဉ်းမြောင်းလှ၍ လူသွားလမ်းပင်မရှိသလောက်ဖြစ်ပြီး အကွေ့အကောက်များလှသောလမ်းတွင် မိုးကြောင့်စိုစွတ်သောလမ်းတွင် ကြည့်ရှောင်ပြီး ကြည့်လျှောက်နေရ၏။


(၁ဝ) နာရီ (၄ဝ) မိနစ်တွင် Conwell မြို့မှထွက်သည်။ မြို့မှထွက်ပြီးသည်နှင့်ပင် (၁၁) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Continental Rd လမ်းတွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးပါသည်။ Hudson Highlands Nature Museum, Wildlife Education Center ဆိုင်းဘုတ်ရှေ့တွင်ဖြစ်ပါသည်။ မိုးဖွဲကလည်း ကျတုန်းဖြစ်ပါ၏။ အရှေ့တွင် မြူနှင်းတို့ဆီးဆို့နေသော တောင်ရှိ၏။ မနက်ဖြန်ကျော်ဖြတ်ကြပါစို့။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၈၂ ရက်မြောက်နေ့ခရီး 82nd day of 900 mils for Long March

ခရီးရှည်ချီတက်ခြင်း (၈၂) ရက်မြောက်
သြဂုတ်လ (၂၈) ရက်၊ ၂ဝဝ၉

မှုန်မှိုင်းသောရာသီဥတုရှိသည်။ နံနက် (၈) နာရီတွင် မနေ့ကရပ်နားခဲ့ရာဆိုင်ဘေးမှ စတင်ထွက်ခွာသည်။ ကားအလွန်ရှုပ်ထွေး၏။ အခုတလောကားအသွားအလာများပြားလှသည်။



(၈) နာရီ (၄၅) မိနစ်အချိန်တွင် Town of Marlborough သို့ရောက်ရှိသည်။ သေးငယ်သော ဟိုင်းဝေးလမ်းဘေးမြို့ကလေးဟုဆိုရမည်။ ကျိုးတိုးကျဲတဲမြို့ကလေးဖြစ်၏။ မြို့သို့အဝင်တွင် လမ်းလျှောက်စရာ လူသွားလမ်းပင်မရှိ၊ ရေစီးသောလမ်းဘေးမြောင်းသာရှိသည်။ ဤနေရာတွင် လမ်းလျှောက်ချင်လျှင် မြောင်းထဲကလျှောက်ကြလော့ဟုဆိုချင်သလို။ ကားများသည် ဒလကြမ်းမောင်းနေကြရာ မြောင်းထဲက ဆင်းလျှောက်ရသည်။ မြောင်းလောက်တော့အသေးအဖွဲပါ။

(၉) နာရီ ထိုးခါနီးတွင်ခဏနားကြသည်။ မြို့ကလေးသည် အဝင်တွင်ကျဲလှသော်လည်း တဖြည်းဖြည်းတော့ ဟုတ်တိပတ်တိရှိလာပါသည်။ ကျောင်းနှင့် ဝင်းနှင့် ဆိုင်နှင့် ကန္နားနှင့်ဖြစ်လာပါသည်။ လမ်းတောက်လျှောက် တွင် ကားများတဝုန်းဝုန်းဖြင့် ပြတ်သည်မရှိ။ (၉) နာရီခွဲတွင် မြို့တွင်းသို့ရောက်လာသည်။

ခြောက်ခြောက်သွေ့သွေ့ဖြစ်နေသည်ကလွဲ၍ အဆိုးကြီးတော့မဟုတ်ပါ။ ဈေးတန်းနှင့် လူနေရပ်ကွက်များကို ဖြတ်ကျော်သည်။ တနေရာတွင် အမျိုးသမီးတဦးကိုတွေ့ရ၏။ အားကြိုးမာန်တက်ကြိုဆိုသည်။ အလွန်တက်ကြွနေ၏။ ကျွန်ုပ်တို့၏လမ်းလျှောက်မှုကို အထူးအားပေးပါသည်။ အံ့သြဖွယ်ရာဖြစ်သည်ဟုလည်း ဆိုပါသည်။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးပေးသည်။



အရှေ့တွင် Newburgh ခေါ်သောမြို့ရှိကြောင်း၊ ၎င်းသို့မရောက်မီ သတင်းထောက်ကို လမ်းတွင်တွေ့စေရန် သူခေါ်ပေးမည်ဆို၏။ သူ၏လိပ်စာကဒ်ပြားကိုလည်း ပေးလိုက်ပါသည်။ အမည်မှာ Karen Enamorado ဖြစ်ပါ သည်။ နိုင်ငံရေးအသိဉာဏ်ရှိပုံရ၏။ သူပေးသော ကဒ်ပြားမှာ မဲထည့်သော ကဒ်ပြားဟု ယူဆရသည်။

(၁ဝ) နာရီတွင် Marlboro မြို့  သို့ရောက်ရှိသွားသည်။ မြို့သို့ဝင်သည်နှင့် ခဏနားကြသည်။ သတင်းထောက် ရောက်ချင်လည်းရောက်လာနိုင်သည်။ ကြည့်ရမည်။ ကျွန်ုပ်တို့သည် ၂ဝဝ၇ ခုနှစ်က လျှောက်ခဲ့သော လမ်းအတိုင်း လျှောက်နေကြခြင်းဖြစ်သည်။

၂ဝ၁ဝ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ပြန်လာစရာအကြောင်းမရှိတော့ပါ။ သို့သော် လောလောဆယ်တွင် အမေရိကန်က မြန်မာပြည်အပေါ် မူပြောင်းရန်စဉ်းစားနေသည်။ လူသား ဆန်သော အကူအညီကိုပေးရန်စဉ်းစားနေသည်ဆို၏။ သို့ဆိုလျှင်တော့ ခွေးကိုလူလုပ်ပေးလိုက်ခြင်း ဖြစ်တော့မည်။ ကိုညွန့်ခူးတို့ ပွသွားသည်ဟုဆိုရမည်။

စစ်အုပ်စုတို့၏ယုတ်မာမှုကို သိပ်မတင်ပြချင်တော့ပါ။ သူတပါးလှူသောဒုက္ခသည်ပစ္စည်းကို လုယူပြီးရောင်းစား နေသော လူမသမာများကို လူဆန်သောအကူအညီကိုပေးမည်ဆိုပါစို့။ သန်းရွှေ၏သမီးသည် လူမဆန်တော့ဘဲ ဝက်တိရိစ္ဆာန် ဘဝမှ ပြိတ္တာဘဝသို့ကူးပြောင်းသွားပေလိမ့်မည်။ ထူးဆန်းသောအမေရိကန် စဉ်းစားနည်း ပေတည်း။

နားနေရင်း ခပ်လှမ်းလှမ်းတွင် 86th Blackhowk Infantry Division Memorial Highway ဆိုင်းဘုတ်ကို လှမ်းမြင်နေရသည်။ ‘အမှတ် (၈၆) သိမ်းနက် ခြေလျင်တပ် အထိမ်းအမှတ် လမ်းမ’ဟုဆိုရမည်။ သမိုင်း မည်သို့ ရှိခဲ့သည်တော့မသိနိုင်ပါ။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် အမှတ်မရှိ၊ လမ်းမရှိ ခွပ်ဒေါင်းဝါ လမ်းလျှောက် အဖွဲ့ဖြစ်၏။ မတူသော်လည်း နည်းနည်းတော့ဆိုင်နေသလိုလိုပင်။

လူ့သမိုင်းတွင် လူတို့သည် ကြီးစွာသောအမှုကိုပြုခဲ့ကြ၏။ ထိုကြောင့် ကြီးစွာသော အထိမ်းအမှတ်ကျန်ခဲ့၏။ ဥပမာ အာဏာရှင်ဗိုလ်နေဝင်းသည် သေခါနီး “ရုတ်ရုတ်မလုပ်ကြနဲ့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်”ဟု ကြီးစွာသော သူရဲဘောကြောင်မှု၊ မိုက်လုံးကြီးမှုဖြင့် ပြည်သူလူထုကို စိန်ခေါ်ခဲ့သည်မဟုတ်လော။ ထိုကြီးစွာသောအမှုကို ငရဲပြည်တွင် မှတ်တမ်းတင်ထားပါသည်။

ဤလမ်းသို့လာသော စစ်ဗိုလ်များသည် ဤမှတ်တမ်းကိုမြင်လျှင် ဦးနေဝင်း၏ကြီးစွာသောစကားကို အမှတ်ရ စေရန် ဖြစ်၏။ အလျှံညီးညီးရှိသော ဤအရပ်သို့ သင်တို့သည် အကြောင်းမဲ့ လာကြကုန်သည်မဟုတ် ဟူသော အဓိပ္ပါယ်ပင်ဖြစ်၏။ အကြောင်းမူ နောက်လိုက်ဆွယ်ပွားများသည် ဤလမ်းသို့ရောက်ရန် တနေ့တခြား ကြိုးပမ်းအားထုတ်နေကြကုန်၏။

(၁ဝ) နာရီ (၃၅)မိနစ်အချိန် Ceder Hill ခေါ်သော၊ တံတိုင်း မုခ်တို့ရှိသော ကြီးကျယ်လှသော သင်္ချိုင်းတခု၏အဝတွင် အဖိုးအဖွာမောင်နှံကို တွေ့ရသည်။ ဤနေရာသည် Larrabee လမ်းအနီး၌ဖြစ်၏။ တဦးချင်းစီကို လက်ဆွဲနှုတ်ဆက်၏။ ကြိုဆို၏။ ထောက်ခံအားပေး၏။ အဖိုးကြီးသည် ဗီယက်နမ် စစ်ပြန်တဦးဖြစ်၏။ လမ်းတလျှောက်တွင် လူတို့ဆက်ဆံပုံကို အဖွားကြီးက မေးမြန်း၏။ သူတို့တွင် လောလောဆယ် စားစရာပါမလာသည်ကို စိတ်မကောင်းဖြစ်နေသည်။ မည်သို့ဆိုစေ ဤမြို့ကလေးသည် မဆိုးလှပါ။


ဆက်လက်ချီတက်ရာ (၁၁) နာရီတွင် ဓါတ်ဆီဆိုင်တခုရှေ့ လူတဦးတွေ့ပြန်သည်။ ထိုသူက တွေ့တွေ့ချင်း ကျွန်ုပ်တို့အဖွဲ့ကို ဓါတ်ပုံရိုက်၏။ ထို့နောက် စကားအနည်းအကျဉ်းပြောဆိုပြီး လက်မှတ်ထိုးပေးပါသည်။ စည်ကားသောမြို့၏အပိုင်းကို ဆက်လက်ချီတက်ကြ၏။ (၁၁) နာရီ (၃၅) မိနစ်တွင် ယနေ့အတွက် သတ်မှတ် ထားသောခရီး ပြီးဆုံးပါ၏။

လမ်းလျှောက်ရဲဘော်တဦးတင်ပြသည်။

Friday, August 28, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၁ ရက်မြောက်နေ့ခရီး 81st day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၁) ရက်မြောက်
သြဂုတ်လ (၂၇) ရက်၊ ၂ဝဝ၉



နံနက် (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် မနေ့ကရပ်နားခဲ့ရာနေရာမှ စတင်ထွက်ခွာသည်။ Black Creek ကိုကျော်လွန်သွားပြီဖြစ်၏။ ယခုအခါ West Park ရပ်ကွက်သို့ ဝင်ရောက်သွားခြင်းဖြစ်သည်။ ကောင်းမွန်သော ရာသီဥတုရှိ၏။ တောလမ်းဖြစ်ပါသည်။ ကားအသွားအလာ အလွန်ရှုပ်ထွေးများပြားလှ၏။ ရုံးတက်ချိန် ဖြစ်သောကြောင့် ဖြစ်ပါလိမ့်မည်။ တချို့နေ့များတွင်လည်း ယခုကဲ့သို့ ကားအသွားအလာ ရှုပ်ထွေးခြင်း များရှိခဲ့ပါသည်။ မိုးရွာသောနေ့များဆိုလျှင် ပို၍သတိထားရပါသည်။


ယနေ့စောစောသည် အကုသိုလ်တက်သောနေ့ဖြစ်သည်။ အကြောင်းမူ စတင်ထွက်ခွာပြီး ဆယ်မိနစ်ခန့် အကြာတွင် ကျွန်ုပ်တို့ချီတက်အဖွဲ့၏အနောက်ဖက် ပေ (၁ဝဝ) ခန့်အကွာတွင် ယာဉ်တိုက်မှုဖြစ်ပွားသည်။ အဖြောင့်အတိုင်းသွားနေသောကားနှင့် လမ်းဆွယ် တောလမ်းမှ တက်လာသောကားတို့ တိုက်မိကြခြင်း ဖြစ်သည်။

မည်သို့ဖြစ်သည်မသိ စူးရှရှည်လျားသော ဘရိတ်ဆွဲသံနှင့် ဂျိန်းကနဲသံတို့ကြောင့် အနောက်သို့လှည့်ကြည့်ရာ ကားတစင်းသည် မီးခိုးအူလျက် လမ်းဘေးသို့ထိုးဝင်သွားလေသည်။ လူကို ထိခိုက်မိသလား မသိနိုင်ပေ။ ဆွမ်းခံရင်း ငှက်သင့်နိုင်သဖြင့် ဆက်လက်ထွက်ခွာချီတက်ကြသည်။ လမ်းကလည်းကျဉ်းမြောင်း၊ ကားကလည်း များပြား၊ အားလုံးအရှိန်နှင့်ချည်း၊ အလုအယက်မောင်းနေကြသည်။ အန္တရာယ်ကြီးလှ၏။

(၉) နာရီခွဲအချိန်တွင် West Park ရပ်ကွက်မှ ထွက်ခွာသွားပြီဖြစ်သည်။ (၉) နာရီ (၃၅) မိနစ်တွင် Esoups မြို့မှ ထွက်ခွာသွားပြီဖြစ်၏။ (၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Cross Creek Run လမ်း၌ ခဏနားကြသည်။

ဤမှပြန်ထွက်လျှင် စည်ကားသောနယ်မြေသို့ရောက်ရှိ၏။ ရှည်လျားသောနယ်မြေဖြစ်၏။ စီးပွားရေး နယ်မြေဖြစ်၏။ အနီးအနားရှိ မြို့ရွာအပေါင်းသည် ဤနေရာတွင်လာ၍ ဈေးဝယ်ကြဟန်တူသည်။ လမ်းတလျှောက်လုံးသည် ဆိုင်တန်းဆိုင်ဝင်းများဖြင့်သာပြည့်နေသည်။

(၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ခဏနားကြ၏။ ထိုနောက်ဆက်လျှောက်ကြ၏။ စည်ကားသောနယ်မြေကိုကျော်လျှင် တောလမ်းသို့ရောက်ပြန်၏။ တောလမ်းဖြစ်စေ၊ စည်ကားသော လမ်းဖြစ်စေ ဤနေ့တွင် ကားများမှအားပေးမှုများမှာ တောက်လျှောက်ဖြစ်သည်။

တောလမ်းတွင် အတန်ငယ်လျှောက်ပြီးနောက် စည်ကားရာနယ်မြေသို့ တဖန်ရောက်ပြန်၏။ ပို၍ပင် စည်စည်ကားကားရှိလာသကဲ့သို့ဖြစ်သည်။ Economic Zone တကြောလုံးဖြစ်တော့၏။ 9 W လမ်း အတိုင်း ဖြစ်ပါသည်။ နေ့လည် (၁၂) နာရီတွင် ကားရောင်းသောဆိုင်တဆိုင်ရှေ့တွင် ယနေ့ခရီးသည် ပြီးဆုံး၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၈၀ ရက်မြောက်နေ့ခရီး 80th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈ဝ) ရက်မြောက်
သြဂုတ်လ (၂၆) ရက်၊ ၂ဝဝ၉



နံနက် (၉) နာရီခွဲတွင် မနေ့က ရပ်နားခဲ့ရာနေရာ Kingston မြို့ထိပ်မှ စတင်ထွက်ခွာသည်။ မြို့တွင်းသို့ ဝင်၏။ ယနေ့တွင် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့၏ မူလပုရိသ (၅) ဦးသာဖြစ်ပါသည်။ ဤနေ့သည် Rensselaer မြို့တွင် တည်းခိုနေရာမှ ထွက်တော်မူမြို့က နောက်ဆုံးခွာသောနေ့ဖြစ်၏။ ရာသီဥတုသာယာပါသည်။

မထွက်ခွာမီ ညကတည်းကပင် ကိုမောင်သန့်က ပုစွန်ခြောက်ငန်ပြာရည်ချက်တဗူး ချက်ပြုတ်ပေးလိုက်သည်။ ရဲဘော်ဇော်ကိုနိုင်က ဘာလချောင်ကြော်တဗူး နှင့် ငရုတ်သီးငန်ပြာရည်ကြော်တဗူး၊ ဓမ္မဝါဒီအောင်မြေ မင်္ဂလာကျောင်းမှ သီလရှင်ဆရာကြီးက ဘာလချောင်ကြော်တဗူးနှင့် ငါးသေတ္တာဗူးများ၊ မခိုင်၏သမီး သီလရှင်လူထွက် နန္ဒာခိုင်က ဘာလချောင်ကြော်တဗူး၊ ဆရာတော်က ဆန်တအိတ်နှင့် ဆီတပုံး စသည်ဖြင့် ရိက္ခာအတွက် ပေးလိုက်ကြပါသည်။

တည်းခိုခွင့်ပြုသော အစစအရာရာကူညီသော ရဲဘော်မိုးကျော်၊ မအေးအေးမျိုး၊ ကိုလတ်၊ ကိုဇော်ကိုနိုင်၊ ကိုနောင်နောင်၊ ကိုဆန်းဆန်း၊ ကိုလေးညို၊ ကိုဖြိုး၊ ကိုထွန်းထွန်း၊ စသောရဲဘော်အပေါင်းကို ကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နောက်နှစ်တွင်လည်း ‘မြန်မာပြည်လွတ်မြောက်ရေး’ ခရီးရှည် အဖွဲ့ ပြန်လာမည၏်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

စထွက်ပြီးမကြာခင်တွင်ပင် အုတ်သဲကျောက်ထုပ်လုပ်ရေး Kingston Block and masonry Product ကိုတွေ့ရသည်။ ၎င်းကုမ္ပဏီရှေ့ တဖက်လမ်းတွင်Ulster Highway Complex ကိုတွေ့ရသည်။ 9 W လမ်းကြီးသို့ ကွေ့ဝင်သည်။ (၁ဝ) နာရီ (၁၅) မိနစ်တွင် 86th Blackhawk Infantry Divisionn Memorial Highway မြစ်ကူးတံတားကြီးတခုကို ကျော်သည်။ တံတားအောက်တွင် တခြားသောလမ်းများရှိ၏။ လှပစွာ ဖန်တီးထားသော မော်တော်ဆိပ်တခုကိုလည်းတွေ့ရသည်။ Hudson Private Museum စသည်ဖြင့် တွေ့ရ၏။ လူတို့အပမ်းဖြေနားနေရန် စံမံထားပုံရသည်။

(၁ဝ) နာရီ (၂၅) မိနစ်တွင် Town of Espous သို့ရောက်ရှိသည်။ (၁ဝ) နာရီခွဲတွင် Broadway လမ်းနှင့် N Broadway လမ်းဆုံရာ အကွေ့တွင် ခဏနားကြသည်။ ခပ်လှမ်းလှမ်းတွင် Hudson မြစ်ကြီးကို လှမ်းတွေ့ နေရသည်။ ဟဒ်ဆင်မြစ်သီတာသည် ညီညာပြန့်ပြူးသော ရေသင်ဖြူးကို ခင်းထား၏။ ရှေ့တွင် ကျောင်းရှိသည်ဟူသော ဆိုင်းဘုတ်တခုကိုလည်း တွေ့ရသည်။ အေးချမ်းလှသောနေရာဖြစ်၏။

(၁၁) နာရီ (၂ဝ) မိနစ်တွင် Lakeshow Villas, Apartment Homes နယ်မြေကို ဖြတ်ကျော်သည်။ (၁၁) နာရီခွဲတွင် အရှေ့တွင် လူတဦး ကားဖြင့်ရပ်စောင့်နေသည်ကို တွေ့ရသည်။ နှုတ်ဆက်မေးမြန်း၏။ ထို့နောက်ပြန်လည်ထွက်ခွာသွားသည်။


(၁၁) နာရီ (၃၅) မိနစ်တွင် The Lake Motel ကိုတွေ့ရသည်။ ငြိမ့်ညောင်းစွာ စီးဆင်းနေသောမြစ်၏ ကမ်းနဖူးတွင်တည်ဆောက်ထားခြင်းဖြစ်သည်။ ဤမိုတယ်ရှေ့တွင်ပင် ခဏနားကြ၏။ ဤနေ့သည်ထူးခြား၏။ ရဲဘော်မင်းဆွေဦး အဘယ်ကရှာဖွေလာသည်မသိ၊ ဆိုင်က ဝယ်လာသောနေ့လည်စာကို စားကြသည်။ ကျွန်ုပ်တို့သည် နေ့လည်စာ မစားကြသည်မှာကြာပြီဖြစ်၏။ အစာငတ်ခံဆန္ဒပြရန်ကျင့်ထားခြင်းတော့မဟုတ်ပါ။
လမ်းဆုံတခုကိုဖြတ်လျှောက်နေစဉ် လူတဦးပိုက်ဆံလှူဒါန်းပါသည်။ (၁) နာရီထိုးရန် (၁၅) မိနစ်လိုချိန်ဖြစ်၏။ ဆက်လက်ချီတက်ရာ ခရီးဆုံးခါနီး (၁) နာရီ (၅) မိနစ်တွင် Broadway လမ်းနှင့် Weitz လမ်းအနီး Black Creek တွင် ပုဂ္ဂိုလ်တဦးနှင့်တွေ့ဆုံသည်။ သူ၏အမည်မှာ David ဖြစ်ပါသည်။ ခရီးရှည်အကြောင်း၊ မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းများကို မေးမြန်းသည်။ လက်မှတ်လည်းထိုးပေးပါသည်။




Black Creek ဆိုသည့်အတိုင်း ဝင်လိုက်သည်နှင့်အေးမြသွားလေသည်။ မေပယ်ပင်၊ သစ်အယ်ပင်၊ ထင်းရူးပင်များ ထူထပ်စွာပေါက်နေသောတောကြီးအောက်တွင် အေးမြကြည်လင်သော စမ်းချောင်းလေး တခုစီးဆင်းနေသည်မဟုတ်လော။ ထို့နောက် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့နှင့်အတူ တမိုင်နီးပါးခန့် ကူညီအားဖြည့်ချီတက်ပေးပါသည်။ ခရီးဆုံးတွင် ရရှိသော နောက်ဆုံးအောင်ပွဲခံခြင်းပေတည်း။


တပ်ပေါင်းစုမူဖြင့်တော့မဟုတ်သေး။ ဤမူက လာမည်၊ ကြာမည်၊ ဖြည်းဖြည်း။ အတူချီတက်သော ထိုပုဂ္ဂိုလ်က ကွဲပြားသော ကျွန်ုပ်တို့၏ အလံများအကြောင်းကို မေးမြန်း၏။ ကွဲပြားနေရခြင်းမှာ အကွဲကွဲအပြားပြား ဖြစ်နေခြင်းကြောင့်တော့မဟုတ်။ မြန်မာပြည်ကိုကပင် ထိုကဲ့သို့သော တိုင်းပြည်အမျိုးအစား ဖြစ်သည် မဟုတ်ပါလော။

နောက်ဆုံးတမိုင်ကို ချီတက်ကြပြီးနောက် ဤနေရာတွင်ပင် ယနေ့အဖိုးပြီးဆုံးသည်။ ၎င်းပုဂ္ဂိုလ်က ငါးမိုင်ဝေး သော သူ၏နေရာသို့အလည်ခေါ်၏။ ကျွနု်ပ်တို့တွင် အချိန်ရှိနေသေးသောကြောင့် ခေါ်ရာသို့လိုက်သွားသည်။ သူသည် ကွန်မြူနီတီတခုတွင် နေသူဖြစ်ကြောင်းပြောပြသည်။ မိသားစု (၈ဝ) ရှိသည်ဆို၏။ တဦးပိုင် ဥစ္စာ ပိုင်ဆိုင်မှုဟူ၍ မရှိကြဘဲ သခင်ယေရှုခရစ်၏အလို့ငှါသာ နေထိုင်ကြသည်ဆို၏။


သို့ဖြစ်ရာ ဤနေရာသည် လွန်ခဲ့သော (၂) နှစ်က ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ တည်းခိုဖူးသော နေရာဖြစ်နေမလား ဟု စဉ်းစားမိ၏။ ရွာအဝင် ဆိုင်းဘုတ်ကိုမြင်မှပင် ယခင်နေရာပင်ဖြစ်ကြောင်း သေချာသွားလေ၏။ Maple Ridge ဖြစ်ပါသည်။ ဤနေရာသို့ ၂ဝဝ၇ ခုနှစ်က ခရီးရှည်အဖွဲ့ ထိုစဉ်က အင်အား ဆယ်ဦးရှိပါသည် လာရောက်တည်းခိုဖူးခဲ့သည်ဖြစ်၏။ မိမိတို့ရွာကို ပြင်ပကိစ္စများနှင့် ပတ်သက်စေခြင်းမရှိဘဲ ဘာသာတရားသက်သက်အတွက် စုဖွဲ့နေထိုင်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်က လာခဲ့သော ဂျာမန်နွယ်တို့ဖြစ်ကြ၏။


အလွန်သေသပ်သောရွာကလေးဖြစ်သည်။ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့်၊ အလုပ်ရုံနှင့် စိုက်ခင်းနှင့် စသည်ဖြင့်ရှိပါသည်။ လူတိုင်းနေ့စဉ် သူ့အလုပ်နှင့်သူ အလုပ်များနေကြသည်။ အံ့သြဖွယ်ရာနေရာပေ။ နောက်ပေါက်လူငယ်တို့သည် ဤအဖွဲ့အစည်းကို ပုန်ကန်ခြားနားသွားခြင်းမရှိဘဲ အဓွန့်ရှည်စွာ တသက်လုံးနေကြသလော။ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတို့သည် ဤအရပ်၌အမှန်တကယ်မရှိလေသလော။


Maple Ridge ကွန်မြူနီတီတွင် ရောက်ရှိစဉ်အခိုက် ရေ နှင့် သစ်စေ့များ၊ ချော့ကလက်များဖြင့် ဧည့်ခံပါသည်။ David ကညီမဖြစ်သူ Anna နှင့် မိတ်ဆက်ပေးပါသည်။ ကျောင်းတက်နေကြသော ကလေးများ ကို တွေ့ရသည်။ တွန်းလှည်းလေးတွင် ထည့်၍သွားနေသော ကလေးပေါက်စလေးများကိုလည်း တွေ့ရသည်။ ငြိမ်းချမ်းသောနယ်မြေဖြစ်၏။ စစ်ရေးကိုဖြစ်စေ၊ စစ်သားစုဆောင်းခြင်းကိုဖြစ်စေ လုံးဝ ဝါသနာမပါသော လူတန်းစားများဖြစ်သည်။


ထိုနေရာမှ ပြန်လာကြပြီးနောက် ယနေ့တည်းခိုမည့်နေရာသို့ ထွက်ခွာသွားကြသည်။ အိမ်တအိမ်မှ တည်းခိုရန်အတွက် ဖိတ်ကြားထားပြီးဖြစ်သည်။ ဤနေရာတွင် လေးရက်ခန့်တည်းခိုကြမည်ဖြစ်၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Thursday, August 27, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၉ ရက်မြောက်နေ့ခရီး 79th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇၉) ရက်မြောက်
သြဂုတ်လ (၂၅) ရက်၊ ၂ဝဝ၉


ဂရက်ဖတန်မြို့ တွင် သီတင်းသုံးနေသော ဂျပန်သီလရှင် ဂျွန်ဆန်

လှပသောနေ့တနေ့ဖြစ်ပါသည်။ ယနေ့ခရီးစဉ်တွင် ဂရက်ဖတန်မြို့မှ ဂျပန်သီလရှင် ဂျွန်ဆန် လိုက်ပါ ချီတက်သည်။ ကိုလတ်၏သား မောင်ဖိုးသားလည်း ပါဝင်ချီတက်သည်။ နံနက် (၉)နာရီ (၂၅) မိနစ်တွင် Saurgerties ရွာမှ စတင်ထွက်ခွာသည်။ မထွက်ခွာမီ ထုံးစံအတိုင်း သီလရှင်ဂျွန်ဆန်က ဂါထာရွတ်၍ ဆုတောင်းသမှုပြုသည်။ ပြီးလျှင် ကျွန်ုပ်တို့၏ရွတ်ဆိုနေကြကိစ္စကို ဆောင်ရွက်သည်။



ရဲဘော်မောင်မောင်တိတ်က မိုင် (၉ဝဝ) ဆိုင်းဘုတ်နှင့် သာသနာ့အလံကိုကိုင်ကာ ရှေ့ဆုံးမှ ချီတက်သည်။ အဓိပ္ပါယ်မှာ သာသနာနေလ သာတော့မည်။ တိုင်းပြည်အေးချမ်းတော့မည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တော့မည်ဟူသော နိမိတ်ပေတည်း။ ထိုနောက် သီလရှင်က အောင်စည်ကို တီးလျက် ဂါထာကို ရွတ်လျက်။ ထို့နောက် မောင်ဖိုးသား ကလည်း သာသနာ့အလံကို ကိုင်လျက် အစဉ်အတိုင်းချီတက်ကြသည်။

နေ့တိုင်းနှင့်မတူ တမူထူးခြားသည်ကား သီလရှင်ပါဝင်နေခြင်းနှင့် အောင်စည်ကိုတီးခတ်နေခြင်းပေတည်း။ ထိုအသံကြောင့်ပင် လူအများပိုမို အာရုံစိုက်ဖွယ်ရာလည်းဖြစ်နေပေသည်။ ရွာ၏ စည်ကားသောနယ်မြေကို ဖြတ်လျှောက်ကြ၏။ တချို့လူများ လေးလေးစားစားနှုတ်ဆက်ကြသည်။ တချို့လူများ ထူးထူးဆန်းဆန်း ကြည့်ကြသည်။ တချို့လူများမှာ ဤသူများသည်ကား မြန်မာပြည်မှ လာကြကုန်၏ဟု သိရှိကြ၏။

သို့ဖြင့် စည်ကားသောရွာအပိုင်းကို ကျော်လာ၏။ ရှေးဟောင်းပစ္စည်းရောင်းသောဆိုင်တဆိုင်ကို တွေ့ရသည်။ ဗုဒ္ဓြွဆင်းထုတော်များ၊ ရဟန္တာပုံတော်များကိုတွေ့ရသည်။ တရုပ်ယဉ်ကျေးမှုမှ ပုဂ္ဂိုလ်များ၏ပုံများကိုလည်း တွေ့ရသည်။ ဆရာကြီးဦးတင်မိုး၏ ‘ဗုဒ္ဓနှင့်တွေ့တွေ့ဆုံခြင်း’သည် ဤနေရာနှင့်လည်း အကြုံးဝင်နေ၏။

တဖြည်းဖြည်းနှင့် နီးစပ်လာပြီ။ ကိစ္စပြတ်ခါနီးပြီထင်၏။ အာဏာပြင်းလှသော ဦးနေဝင်းသည်လည်း သူ့ကိုယ်သူအသက် နှစ်ထောင် ရှည်သောဂုရုကြီးဟု ထင်ခဲ့သူဖြစ်၏။ ဘုန်းမီးနေလထွန်းတောက်ခဲ့၏။ တချို့သောငမိုက်သားများသည် ဦးနေဝင်းကို ယခုတိုင်ကြောက်ရွံ့နေဆဲဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကိစ္စပြတ်ချိန် တန်လျှင် ငယ်မွေးခြံပေါက်များ၏ လက်ချက်ဖြင့်ပင် အကျဉ်းစံထီးဖုရားဖြစ်ခဲ့ပြီး ရန်ကုန်မြစ်တွင် ရေစုန်မျော သွားသည်မဟုတ်လော။

ယခုလည်းထိုနည်းတူပင်ဖြစ်သည်။ ကျတ်ကုန်းနေပြည်၏ ဘုရင်ရူးကြီး သန်းရွှေသည် သူ့ကိုယ်သူ အသက်နှစ်ထောင်ရှည်သည်ဟု ထင်နေပြန်၏။ အကြောင်းမူ သူတီထွင်ထားသော ကျတ်ကုန်းနေပြည် နှင့် တကွ သောနုတ္ထိုရ်ဥမင်လိုဏ်၊ ညုကလီးယား စသည်တို့သည် ရဲဘော်မောင်အေးအတွက် စေတနာ သုံးတန် ပြဌာန်းပြီး တီထွင်ထားခြင်းမဟုတ်ကြောင့်ပေတည်း။ ရဲဘော်မောင်အေး ကလည်း အောက်လက်အနာခံပြီး သန်းရွှေ သေမည့်အချိန်အထိ ခဲတန်ချွန်ပြီးထိုင်စောင့်နေမည် မဟုတ်ပါ။ တွေးကြည့်လျှင်တော့ ကြက်သီးမွေးညှင်း ထစရာကောင်းလှသည်။

ကျွန်ုပ်တို့၏ လမ်းလျှောက်ချီတက်အဖွဲ့သည် (၁ဝ) နာရီ (၂၅) မိနစ်တွင် ခဏနားကြသည်။ ဤတကြော့ ဆက်လျှောက်လျှင် သီလရှင်က ကျွန်ုပ်တို့လမ်းလျှောက်ရဲဘော်များကို အရှေ့က လျှောက်စေပြီးလျှင် သူကတော့ အနောက်ဆုံးမှနေ၍ ဆုတောင်းရွတ်ဖတ်၊ အောင်စည်တီးလျက် ချီတက်သည်။


တောလမ်းသို့ရောက်၏။ (၁၁) နာရီ (၂၅) မိနစ်တွင် Town of Ulster သို့ရောက်ရှိသည်။ (၁၁) နာရီခွဲလျှင်Ulster မီးသတ်ဌာနဘေး၊ ကားပစ္စည်းရောင်းသောဆိုင်ဘေးတွင် ခဏနား၍ သီလရှင်က နေ့ဆွမ်းကို စားသည်ဆိုရုံမျှ အနည်းငယ်စားသည်။ သစ်သီးများသာဖြစ်၏။

ထိုနောက်ဆက်ထွက်လျှင် စည်ကားသောနယ်မြေကို ဖြတ်လျှောက်ရသည်။ ကားဝပ်ရှော့ဆိုင်များ၊ ကားပစ္စည်း ရောင်းသောဆိုင်များ၊ ကားရောင်းသောဝင်းများ၊ တခြားသောဆိုင်အမျိုးအမျိုးတို့ဖြင့် စည်ကားသော နေရာဖြစ်သည်။ တဖြည်းဖြည်းဆက်လျှောက်လျှင် ပို၍ပို၍စည်ကားလာပါသည်။ ရှည်လျားလှသော Shopping Center နယ်မြေကို ဖြတ်လျှောက်နေခြင်းဖြစ်သည်။

(၁၁) နာရီ (၄ဝ) မိနစ်တွင် ဆိုင်တန်းများရှေ့ ကားရပ်ရာနေရာတခု၌ ပုဂ္ဂိုလ်တဦးက လှမ်း၍နှုတ်ဆက်ပြီးလျှင် အေးစက်နေသောရေဗူးများ ပေးပါသည်။ နေ့လည်စာ စားရန်ဆိုပြီး ငွေလည်း နှစ်ဆယ်လှူလိုက်ပါသည်။



(၁) နာရီထိုးခါနီးတွင် ဘီဘီစီက သတင်းမေးလာပါသည်။ ဘီဘီစီနှင့် ကျွန်ုပ်တို့၏တာဝန်ခံ ရဲဘော် မောင်မောင်တိတ်တို့ စကားပြောကြပြီးနောက် သီလရှင်အားလည်းမေးမြန်းသဖြင့် ဂျွန်ဆန်ကလည်း ရှင်းလင်း ပြနေရသည်။ ကျွန်ုပ်တို့၏လမ်းစဉ်နှင့် သီလရှင်၏လမ်းစဉ်ကတော့ ငြိမ်းချမ်းရေးခရီးရှည် ဆိုသော် လည်း တူနိုင်မည်တော့မဟုတ်ပါ။

ခရီးဆုံးခါနီးချိန်တွင် တွန်းလှည်းဖြင့် ဈေးရောင်းနေသောဆိုင်တဆိုင်မှ ပုဂ္ဂိုလ်တဦး ကလည်း ရေလှူပါသေး သည်။ မွန်းလွဲ (၁) နာရီတွင် Ulster မြို့အထွက်၊ Kingston မြို့ထိပ်တွင် ယနေ့ခရီးစဉ် ပြီးဆုံး၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Wednesday, August 26, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၈ ရက်မြောက်နေ့ခရီး 78th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၇၈) ရက်မြောက်
သြဂုတ်လ (၂၄) ရက်၊ ၂ဝဝ၉

နံနက် (၉) နာရီ၊ (၂၅) မိနစ်တွင် ကက်စကဲရွာ 32 လမ်းဆုံမှ စတင်ထွက်ခွာသည်။ စထွက်လျှင်ထွက်ချင်း ဖိုးဖွားမောင်နှံသည် ကားဖြင့်ရောက်လာပြီး နှုတ်ဆက်၏။ လမ်းဆုံသည် တစုံတရာစည်ကားမှုရှိ၏။ စီးပွားရေါးအဆောက်အဦများကို တွေ့ရ၏။ နွားခြံတခုကိုလည်းတွေ့ရသည်။ 32 လမ်းအတိုင်းလျှောက်ကြ၏။


ကားများမှ ဟွန်းတီးအားပေးမှုများကို မကြာခဏတွေ့ရသည်။ ဤရွာတွင် အတိတ်၌ ကျွန်ုပ်တို့၏ခြေရာရှိ၏။ ယနေ့ကား အတိတ်ခြေရာကို လာထပ်နေခြင်းဖြစ်သည်။ အကြောင်းကိုဆိုသော် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ခရီးရှည်ကို ယခင့်ယခင်နှစ်က ဤရွာမှပင် ဖြတ်သန်းသွားခဲ့ပါ၏။ (၁ဝ) နာရီထိုးရန် (၅) မိနစ်အလိုတွင် Ulster County သို့ရောက်၏။

ရွာနယ်မြေကိုလွန်သော် တောလမ်းသို့ဝင်၏။ တောသည် သိပ်သည်းလှ၏။ တချို့နေရာများတွင် နေရောင် မဖေါက်နိုင်။ တချို့နေရာများတွင် တောကြီးထဲ အိမ်လေးများကို တွေ့ရသည်။ လူ့တို့၏အရပ်ကို စိတ်ပျက်ကုန်သူတို့သည် တောသို့ဝင်၍ ငြိမ်းအေးရာကို ရှာမှီးကြကုန်၏။ ကျွန်ုပ်တို့ကား ငြိမ်းအေးရာကို တော၌လာရှာသည်မဟုတ်၊ တရံတဆစ်ဖြတ်သန်းသွားခြင်းမျှသာဖြစ်ပါ၏။

(၁ဝ) နာရီခွဲခါနီးအချိန်တွင် ခဏနားကြသည်။ ဆက်လျှောက်သော်Hudson Valley Lawn Service နှင့် Mountain View Apartment နယ်မြေကို ဖြတ်လျှောက်ကြသည်။ သန့်ရှင်းသပ်ရပ်လှ၏။ သာယာသော တောတောင်ရှိသည်။ အသီးအရွက်အမျိုးမျိုးရောင်းသောဆိုင်တန်းကလေးတခုကို တွေ့ရသည်။ ကားများမှ ဟွန်းတီးအားပေးကြ၏။ လက်ပြနှုတ်ဆက်ကြ၏။


(၁၁) နာရီခွဲတွင် Old RTE 32 လမ်း၌ ခဏနားကြသည်။ ဆက်လက်ထွက်ခွာသော် ဟိုင်းဝေးလမ်းများသည် တဖြည်းဖြည်းကြီးလာ၏။ လမ်းများလည်းများပြားလာသည်။ စည်ကားလာသည်။ မြို့နှင့်နီးပြီဖြစ်၏။ နေ့လည် (၁၂) နာရီခွဲတွင် Saugerties မြို့ ဆိုင်းဘုတ်ကို ကျော်ဖြတ်သွားကြသည်။ မြို့ကိုကားဝင်ခြင်းမဟုတ်။ မြို့သည်အတွင်းလမ်းသို့ဝင်သွားခြင်းဖြစ်သောကြောင့် အပြင်လမ်းအတိုင်းလျှောက်ကြခြင်းဖြစ်သည်။

မကြာခင်တွင်ပင် Village of Saugerties ဆိုင်းဘုတ်ကို တွေ့ရပြန်၏။ ရွာထဲသို့ဝင်ရောက်သွားကြသည်။ လူ အပေါင်းသည် နည်းနည်းတော့ထူးထူးဆန်းဆန်းကြည့်ကြ၏။ ကြည့်လေမြင်လေမဟုတ်ပါလော။ စည်ကား၏။ ရွာသည် မြို့နှင့်မခြားလှပါ။ ယနေ့အဖို့ခရီးဆုံးခါနီးအချိန်တွင် အအေးသောက်ချင်သောစိတ်ဖြစ်လာ၏။ ငွေအသပြာဟူ၍ ရှိသမျှအကြွေ တဒေါ်လာပြည့်မည်မဟုတ်။


ထိုသို့စိတ်ကူး၍ချီတက်နေစဉ် လမ်းဘေးတွင် ကားရပ်ထားသော အဖွားကြီးတဦးသည် အရှေ့က လျှောက်သွားသော ရဲဘော်များကို အအေးဗူးများကမ်းနေပါ၏။ ကျွန်ုပ်အလှည့်သိုရောက်သော် အအေးဗူးကုန်သွားသဖြင့် ငွေ (၅) ဒေါ်လာထုတ်ပေး၏။ အအေးသောက်ရန်ဟူ၍ဆိုပါသည်။


ရေငတ်နေခိုက် ရေတွင်းနှုတ်ခမ်းသို့ရောက်သွားခြင်းဖြစ်သည်။ ဒေဝတာတို့သည် ကျွန်ုပ်၏စိတ်ကူးကို သိနေပေသလော။ တဖြည်းဖြည်းတော့တိုးတက်လာပြီဟုဆိုရမည်။ သို့ဖြစ်လျှင် အရေးတော်ပုံသည် ပန်းတိုင်သို့မဝေးတော့ပေ။ နတ်တို့သိသကဲ့သို့ မစ္စတာဘန်ကီမွန်းကလည်းသိရန်လည်း လိုအပ်လှပါသည်။ မြန်မာ့အရေးသည် ငါ့အရေးမဟုတ်ဟု မဆိုခဲ့သော် နည်းနည်းတော့တော်ပါသေးသည်။


မည်သို့နားလည်ရမှန်းမသိသော အာစီယံပဍ္ဍိညာဉ်ကို မည်သည့်ပညာရှိရေးသည်မသိ။ အပြုသဘော ဆက်ဆံရေးမူကို ကိုင်စွဲသည်ဟုတဖန်ဆိုပြန်၏။ တိုင်းပြည်တပြည်သည် တခြားသောတပြည်ကို ဗြောင်ဓါးပြ မတိုက်ရေး၊ သို့သော်တရားမဝင်စီးပွားရေးနည်းဖြင့်လူပါးဝလျှင်ကား မဆိုတတ်ပေ။ မည်သည့်အခါက တရားရှိခဲ့ပါသနည်း။ နိုင်ငံရေးအကျဉ်းသားမရှိပါ၊ ဆင်းရဲမွဲတေမှုမရှိပါ၊ ငတ်ပြီးမသေပါ၊ သဘာဝဘေးဒုက္ခမရှိပါ၊ ဒုက္ခသည်မရှိပါ ဟုဆိုနေသော၊ ကြွေးကြော်နေသောနိုင်ငံတွင် ဘေးအမျိုးမျိုးကျရောက်နေသဖြင့် တခြားနိုင်ငံက ခေါက်ဆွဲခြောက်ထုပ်များ လာမလှူရ။ လှူချင်လျှင် စစ်ဗိုလ်တို့၏သားသမီးများကိုလှူပါဟု ဆိုသော် ထိုမူသည် မနုဿအဂ္ဂမူ မှတပါး တခြားမူမဖြစ်နိုင်ပါ။


သူ့မူသည် မည်သည့်မူဖြစ်ဖြစ် ကျွန်ုပ်တို့လမ်းစဉ်ကိုမူ ဆက်လက်လျှောက်လှမ်းရဦးမည်ဖြစ်၏။ လျှောက်ရင်းဖြင့် နေ့လည် (၁) နာရီထိုးခါနီးတွင် ရွာလေး၏တနေရာတွင် ယနေ့အဖို့ ခရီးပြီးဆုံးပါ၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Tuesday, August 25, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၇ ရက်မြောက်နေ့ခရီး 77th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇၇) ရက်မြောက်
သြဂုတ်လ (၂၃) ရက်၊ ၂ဝဝ၉

နံနက် (၉) နာရီ (၁ဝ) မိနစ်တွင် မနေ့က ရပ်နားခဲ့ရာ Catskill မြို့မှ စတင်ထွက်ခွာသည်။ (၉) နာရီ (၃၅) မိနစ်တွင် Village of Catskill သို့ဝင်ရောက်သည်။ ဤရွာသည် စီးပွားရေးနယ်မြေဖြစ်ပုံရ၏။ စက်ရုံရပ်ဝန်းများ၊ ရထားလမ်းများနှင့် ပနံရနေ၏။


စထွက်ကတည်းကပင် မိုးမှုန်များကျနေသည်။ အသူရာနှင့် သိကြားမင်း စစ်ခင်းရာ မိုးသည်ငြိမ်းချမ်းရေးအလို့ငှာ ရွာခဲ့သည်ဟု ယူဆရ၏။ ယခုရွာနေသောမိုးသည် သည်းထန်စွာရွာနေသည်မဟုတ်၊ စွေစွေရွာသွန်း နေသည် လည်းမဟုတ်။ မိုးမှုန်များသာကျနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအတွက် ခရီးရှည် ချီတက် နေကြ သူများဖြစ်ကုန်၏။ ဤမိုးသည် ကျွန်ုပ်တို့အားကြိုဆိုနေခြင်းတမည်လည်း ဖြစ်နိုင်သည်တမုံ့။

သို့မဟုတ်သော် ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ မြန်မာပြည်ကိုသိမ်းရန် ဖြစ်စေ၊ စေ့စပ်ကြောင်းလမ်းရန် ဖြစ်စေ၊ မည်သည့်အတွက်ဖြစ်စေ၊ ချီတက်ချင်သလိုချီတက်ကြပါ။ မိုးသည် ရွာစရာရှိသောသူ့အလုပ်ကို သူလုပ်နေခြင်းလည်းဖြစ်နိုင်၏။ လောကသည် ကမ္ဘာဦးကျောက်ခေတ်မှနေ၍ ယနေ့တိုင် မညီညွတ်သော အချင်းအရာတို့ဖြင့် တည်ဆောင်ထားခြင်းဖြစ်သည်မဟုတ်လော။



စည်စည်ကားကားရှိသော လူနေရပ်ကွက်သို့ပြန်လည်ရောက်ရှိလာသည်။ သူ့ရွာသည် သူ့အလှ သူဒဿနဖြင့် ရပ်တည်နေ၏။ ခရီးရှည်အဖွဲ့သည် ရွာတန်းကိုကျော်သော် တောနယ်သို့ရောက်ပြန်၏။ ကျဉ်းမြောင်းလှသော လမ်းရှိသည်။ ကားသွားအလာမရှိလှ။ လမ်းဘေးတဖက်တချက် တောများဖြင့်သာ ဝန်းရံနေ၏။ (၁ဝ) နာရီ (၂၅) မိနစ်တွင် ခဏနားကြသည်။

တောလမ်းတွင်နားပြီးနောက် ဆက်လျှောက်သော် သိပ်မကြာခင်ပင် ကားတစီးနှင့်တွေ့ရသည်။ ၎င်းကားက ဤလမ်းသည်အရှေ့သို့ဆက်သော် ပိတ်ထားကြောင်း၊ လူလည်းလမ်းလျှောက်၍မရ၊ ကားလည်းသွား၍မရဟု သတင်းပို့ပါသည်။ ဖြစ်နိုင်သည်။ အကြောင်းမူ လမ်းခွဲကိုဝင်လာကတည်းကင် ဆိုင်းဘုတ်များတွင် 9 W လမ်း ပိတ်ထားကြောင်းဖေါ်ပြထားသည်။



သို့ဖြစ်ရာ ဤလမ်းနှင့် ယှဉ်လျက်ဖြစ်သော 32 လမ်းအတိုင်း လမ်းကြောင်းပြောင်းလျက်ချီတက်ကြ၏။ အကွေ့အကောက်များလှသော တောင်ကုန်းနယ်မြေကြီးဖြစ်ပါသည်။ စိမ့်ကြီး၊မြိုင်ကြီး၊ ဂနိုင်ကြီးဖြစ်၏။ မည်းမှောင်နေသော တောအုပ်ထဲတွင် ရေတံခွန်စိမ့်စမ်းများကို တွေ့ရသည်။ ဝေးဝေးနေမှတခါ အိမ်လေးများကိုတွေ့ရသည်။

(၁၁) နာရီခွဲတွင် ခဏနားကြ၏။ ဆက်လက်ချီတက်သော် နေ့လည် (၁၂) နာရီ (၁ဝ) မိနစ်တွင် 32 A, 32 Junction, 9 W တို့ဆုံရာတွင် ယနေ့အဖို့ ပြီးဆုံးသွားကြသည်။ ကက်စကဲရွာတွင်ပင်ရှိကြဆဲဖြစ်ပါ၏။ ကျွန်ုပ်တို့သည် Rensselaer မြို့တွင် တည်းခိုနေသည်ဖြစ်ရာ ယခုရောက်နေသောနေရာသည် တည်းခိုသောမြို့မှ မိုင် (၅ဝ)အဝေးတွင်ဖြစ်ပါ၏။ တည်းခိုသောမြို့တွင် ရဲဘော်မောင်မောင်တိတ်က ဆရာတော်ဦးဣန္ဒြိယ၏ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်းတွင် တည်းခိုပါသည်။ ရဲဘော်နှစ်ဦးမှာ ကိုမိုးကျော်၏နေအိမ်တွင်ဖြစ်ပါသည်။ ကျန်ရဲဘော်နှစ်ဦးမှာ ကိုလတ်၊ မစန်းစန်းအေးတို့၏အိမ်တွင်တည်းလိုက်၊ ကိုနောင်နောင်၊ မမီးမီးတို့၏ နေအိမ်တွင်တည်းလိုက်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဤမြို့မှမထွက်မချင်း ဤသို့ပင်တည်းခိုနေကြမည်ဖြစ်ပါ၏။ ကျန်ရှိသော မြို့ခံရဲဘော်များ၏ အိမ်များတွင်လည်း အခါအားလျော်စွာသွားကြလာကြ အလုပ်လုပ်ကြဖြစ်ပါသည်။ ဆက်လက်ဖေါ်ပြပါမည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၇၆ ရက်မြောက်နေ့ခရီး 76th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၇၆) ရက်မြောက်
သြဂုတ်လ (၂၂) ရက်၊ ၂ဝဝ၉


ယနေ့ချီတက်မှုတွင် Rensselaer မြို့မှ ရဲဘော်ကိုလတ်၏သား မောင်ဖိုးသား (၁၂)နှစ် နှင့်၊ ရဲဘော် အောင်မျိုးလင်း ပါဝင်ချီတက်သည်။ နံနက် (၉) နာရီတွင် စတင်ထွက်ခွာသည်။ မိုးမှုန်များကျနေ၏။ ထို့ကြောင့် မောင်ဖိုးသားက မိုးကာဝတ်ထားရသည်။ လူငယ်ကလေးဖြစ်သော်လည်း ဤချီတက်မှုခရီးစဉ်တွင် စိတ်ပါ ဝင်စားသဖြင့် လိုက်ပါချီတက် ခွင့်ပြုခြင်းဖြစ်သည်။

သူ၏ဖခင်ကလည်း တခြားသူမဟုတ်၊ ကျွန်ုပ်တို့တည်းခိုနေနားရာအိမ်ရှင် ကိုလတ်ဖြစ်သည်။ ချက်ပြုတ် ကျွေးမွေးနေသူလည်းဖြစ်သည်။ ထွက်ခွာသည်နှင့်ပင် Town of Coxsackie သို့ ဝင်ရောက်သွားပါ၏။

(၉) နာရီခွဲတွင် စည်ကားသော စီးပွားရေးနယ်မြေတခုကို ဖြတ်ကျော်ရသည်။ Shopping Center များ၊ Plaza များရှိ၏။ ရပ်ကွက်တခုကို ဖြတ်ကျော်နေစဉ် ပုဂ္ဂိုလ်တဦး ကားဖြင့်နောက်ကလိုက်လာပါသည်။ 9 W လမ်းပေါ်ရှိ၊ Climax Brook အနီးတွင်ဖြစ်ပါသည်။ ကားပေါ်မှလှမ်းအော်မေးမြန်း၏။ အရှေ့တွင် သတင်းမှတ်တမ်းကားနှင့် တွေ့ရာ စကားပြောဖြစ်ကြသည်။


အရှေ့တွင် နိုင်ငံတကာငြိမ်းချမ်းရေးစင်တာတခုရှိသည်ဆို၏။ ထိုနေရာကို သူသိ၏။ အကယ်၍ ကျွန်ုပ်တို့ ခရီးရှည်အဖွဲ့ လမ်းကြုံပါက ထိုဌာနသို့ ဝင်ရောက်နားခိုပါရန်ဖိတ်ခေါ်၏။ ကျွန်ုပ်တို့၏ လက်ကမ်းစာစောင်ကို ဝေလိုက်ပါသည်။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးပေးသည်။ ထိုသူ၏ဇနီးကလည်း လက်မှတ် ထိုးပေးပါသည်။


(၁ဝ) နာရီထိုးလျှင် ခဏနားကြသည်။ ထိုနောက် ဆက်လက်ချီတက်ကြ၏။ (၁၁) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Drive-In Theatre ခြံဝင်းကြီးတခုရှေ့သို့ရောက်၏။ ခြံဝင်းထဲမှ အဖိုးကြီးအဖွားကြီး မောင်နှံ ကားဖြင့်ရောက်လာသည်။ အနည်းအကျဉ်းမေးမြန်းပြီးနောက် ရေလိုအပ်ပါသလားဟုမေးမြန်း၏။ ကျွန်ုပ်တို့တွင် ရေရှိပါသည်။ ယူစေလိုသည့်စေတနာနှင့်မေးမြန်းခြင်းဖြစ်သောကြောင့် ယူမည်ဖြစ်ကြောင်းပြောလိုက်သည်။

ဗီတာမင်ရေကိုလိုပါသလား၊ မည်သည့်ရေအမျိုးအစားလိုသနည်းဟု ထပ်မေးပါသည်။ ကျွန်ုပ်တို့အား ခဏစောင့်နေစေပြီး ခဏကြာလျှင် အေးစက်နေသော ရေတဖာဖြင့်ပြန်ရောက်လာပါသည်။ ကြည့်ရသည်မှာ ရုပ်ရှင်ခြံပိုင်ရှင်ဖြစ်ဟန်တူပါသည်။ ဤကဲ့သို့သောတောလမ်းတွင် ရုပ်ရှင်ရုံလာဖွင့်ထားခြင်းသည် ထူးဆန်းသော စိတ်ကူးဖြစ်ပါဘိ။


(၁၁) နာရီ (၁ဝ) မိနစ်တွင် Town of Coxsackie မှထွက်ခွာသွားပါ၏။ (၁၁) နာရီခွဲခါနီးအချိန်တွင် ရဲကားတစီးရောက်လာပါသည်။ ကျွန်ုပ်တို့လမ်းလျှောက်နေသူများကို လှမ်း၍ နှုတ်ဆက်၏။ထို့နောက် သတင်းမှတ်တမ်းကားနှင့် စကားပြောနေပါသည်။ လမ်းသည်ကျဉ်း၏။ မိုးမှုန်ကျနေသဖြင့် လမ်းချော်နိုင်သည်။ ကြည့်ရှုလျှောက်ကြရန်၊ သတင်းကားသည် အနားမှ ကပ်မလိုက်ရန် မှာကြားသည်။


(၁၁) နာရီခွဲတွင် Schoharie TPKE လမ်းဆုံမီးပွိုင့်တခုအနီး၊ ဓါတ်ဆီဆိုင်ဘေးတွင် ခဏနားကြသည်။ 9 W လမ်းအတိုင်းဖြစ်၏။ Geene 28 County ၏အစွန်တွင်ဖြစ်ပါသည်။

ဆက်လက်၍ချီတက်သော် (၁)နာရထိုးခါနီးချိန်တွင် Catskill Anima Hospital ကို တွေ့ရသည်။ ဤဆိုင်းဘုတ်ကို ကျော်သည်နှင့်ပင် Town of Athens မှ ထွက်ခွာပြီး၍ Town of Catskill မြို့ဝင်ရောက် သွားခြင်းဖြစ်သည်။ နယ်မြေချင်းဆက်စပ်နေ၏။ ဤနေရာတွင်ပင် ယနေ့အတွက် ခရီးစဉ်ပြီးဆုံးသည်။ နေ့လည် (၁) နာရီအချိန်ဖြစ်ပါသည်။



ကျွန်ုပ်တို့နားနေရာ ကိုလတ်၏အိမ်သို့ပြန်ရောက်သော် အပေါ်ထပ်တွင်နေသော ကိုအောင်မျိုးလင်းမိသားစုမှ မုန့်ဟင်းခါးဖိတ်ကျွေးပါသည်။ ကိုအောင်မျိုးလင်းသည် ယနေ့ချီတက်မှုတွင် ပါဝင်ချီတက်သူဖြစ်ပါသည်။ မနက်ဖြန်ဆက်လက်ပါဦးမည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၇၅ ရက်မြောက်နေ့ခရီး 75th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇၅) ရက်မြောက်
သြဂုတ်လ (၂၁)ရက်၊ ၂ဝဝ၉


မနေ့ကရပ်နားခဲ့ရာနေရာဖြစ်သော Doweskill ရွာ၊ 9 W လမ်းနှင့် Pictuay Rd လမ်းဆုံရာနေရာမှ နံနက် (၃) နာရီ (၃၅) မိနစ်တွင် စတင်ထွက်ခွာသည်။ ယနေ့ချီတက်မှုတွင် အော်လ်ဘနီ၊ Rensselaer မြို့မှ ရဲဘော် ကိုလတ် ပါဝင်ချီတက်သည်။

မနက်က မိုးရွာထားသဖြင့် စိမ်းစိုသောပတ်ဝန်းကျင်ရှိသည်။ စိုစွတ်သောလမ်းရှိသည်။ ရုံးတက်ချိန် ဖြစ်သောကြောင့်ထင်ပါသည်။ ကားအသွားအလာအလွန် ရှုပ်ထွေး၏။ လမ်းကျဉ်းသည့်နေရာများတွင် များပြားလှသောကားများကို ကြည့်ရှောင်နေရသည်။ ပတ်ဝန်းကျင်တခုလုံးသည် မှိုင်းမှုန်လျက်ရှိ၏။ နေသည် မလင်းပါ။

(၉) နာရီ (၁၅) မိနစ်တွင် Village of Ravena ရွာကိုဝင်သည်။ ရွာကိုဝင်လျှင်ဝင်ချင်း အထက်တန်း ကျောင်းကြီးတကျောင်းကို တွေ့ရသည်။ ကစားကွင်းတွင် ကျောင်းသားကျောင်းသူများ အားကစား လေ့ကျင့်နေကြသည်။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ အလံတလူလူဖြင့် ချီတက်လာသည်ကို တွေ့ကြလျှင် လှမ်း၍လက်ပြနှုတ်ဆက်သည်။

ဤရွာကလေးသည် ရှည်လျားသော ဟိုင်းဝေးလမ်းပေါ်တွင်ရှိသည်။ စီးပွားရေးလုပ်ငန်းရှိသော နယ်မြေတခုဟုဆိုနိုင်ပါသည်။ အကြောင်းမူ ရွာသည်ရွာသက်သက်မျှသာရှိသည်မဟုတ်ပါ။ (၉) နာရီခွဲတွင် ခဏ နားကြသည်။ တောလမ်းသာဖြစ်၏။ သို့သော်တိုးတက်မည့်အပိုင်းများရှိသည်။

ဆက်လက်၍ချီတက်ရာ (၁ဝ) နာရီတွင် Village of Ravena ၏ Business Distric ကို ကျော်ဖြတ်သည်။ စည်ကားသောနယ်မြေဖြစ်၏။ တချို့နေရာများတွင် လူနေရပ်ကွက်အစီအတန်းလေးများကို တွေ့ရသည်။ တချို့ရပ်ကွက်များသည် တောင်ကုန်းလေးမျာကိုကွေ့၍ တက်သွား၏။ စိတ်ဝင်စားဖွယ်ရှိပါသည်။



(၁ဝ) နာရီ (၂ဝ) တွင်Greene County, Town of New Baltimore ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ တောလမ်းတွင် စက်ရုံအလုပ်ရုံများကို တွေ့ရသည်။ ကျွန်ုပ်တို့ချီတက်နေသာလမ်း၏တဖက်တွင် တောတောင်တို့ကိုကျော်၍ တခြားသောဟိုင်းဝေးလမ်းများကိုလည်းတွေ့ရသည်။ တောတောင်ထဲတွင် စက်ရုံလာဆောက်ထားခြင်းမှာ တနေရာ၌သယံဇာတ တခုခုရှိသလော မဆိုနိုင်ပါ။

(၁ဝ) နာရီ (၄ဝ) တွင် ရထားလမ်းဘေးတနေရာတွင် ခဏနားကြသည်။ ခဏနားပြီးမကြာမီပင် ကုန်တင်ရထား သည် သူပစ္စည်းကိုသူသယ်ယူ၍ တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းသွားလေ၏။ ရထားလမ်းမှထွက်ပြီးနောက် (၁၁) နာရီထိုးလျှင် အဖိုးကြီးအဖွားကြီးမောင်နှံသည် ကားဖြင့်လာစောင့်နေ၏။ သူတို့သည် ကျွန်ုပ်တို့အဖွဲ့ကို ဖြတ်ကျော်မောင်းနေသည်မှာ နှစ်ကြိမ်ရှိပြီဆို၏။ အရှေ့မနီးမဝေးတွင် မြို့တမြို့ရှိကြောင်း မြို့အဝင်တွင် ကြီးမားသော အစိမ်းရောင်အဆောက်အဦတခုရှိကြောင်း၊ ဤအဆောက်အဦသည် ဘဏ်တခုဖြစ်ကြောင်း၊ ထိုနေရာတွင် စောင့်၍ ကျွန်ုပ်တို့စားရန် စားစရာများလှူဒါန်းလိုကြောင်း ပြောဆိုပါသည်။


အရှေ့မည်မျှဝေးသနည်း မသိသော်လည်း တကူးတကဖိတ်ကြားမှုကို လှိက်လှဲစွာကြိုဆိုရမည်ဖြစ်ပါသည်။ မစားရသော်လည်း အကြောင်းမဟုတ်ပါ။ ဖိတ်ကြားမှုကပင်လျှင် တန်ဖိုးရှိနေပြီဖြစ်၏။ သာဓုခေါ်ပါသည်။ ဖိုးဖွားမောင်နှံနှင့် အနောက်က ကပ်၍ရောက်လာသော တခြားအဖိုးကြီးတဦးအားလည်း လက်ကမ်းစာစောင် များကို ဝေလိုက်ပါသည်။


အရေးထဲတွင် နောက်ကရောက်လာသော အဖိုးကြီး၏ ကားဘီးသည် လမ်းဘေးနွံတွင် ကျွံသဖြင့် မောင်းမရဖြစ်နေသည်။ ကျွန်ုပ်တို့ကို လှမ်း၍အော်ခေါ်ပြီးလျှင်အကူအညီတောင်း၏။ ကျွန်ုပ်တို့က ကူညီ၍တွန်းကြသော်လည်း မရနိုင်တော့ပေ။ သူ့သူငယ်ချင်းကိုခေါ်၍ ဆွဲယူရမည်၊ ကျေးဇူးတင်ကြောင်းပြော၏။ ကျွန်ုပ်တို့လည်း ဆက်လက်ထွက်ခွာလာကြသည်။


စောစောပိုင်းက မပူခဲ့သော နေသည်အနည်းအကျဉ်းတော့ထွက်ပေါ်လာ၏။ ထိုနောက်သိသိသာသာပူလာ၏။ နေ့လည် (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် လမ်းဘေးတောအုပ်အနီင်္းတွင် ခဏနားကြ၏။ ဆက်လက် ချီတက်သော် (၁၂) နာရီခွဲခါနီးတွင် ယနေ့သတ်မှတ်ထားသော ခရီးစဉ်ပြီးဆုံး၏။ တောလမ်းတွင်ပြီးဆုံးခြင်း ဖြစ်သည်။ မြို့ကိုကား မဝင်ရသေးပါ။


ဖိုးဖွားများစောင့်နေမည်စိုး၍ အရှေ့ကိုလိုက်ရှာရဦးမည်။ အဆောက်အဦကို တွေ့တော့တွေ့၏ ဖိုးဖွားမောင်နှံကိုမူ မတွေ့ရပါ။ လမ်းလျှောက်လာသည့်အချိန်နှင့် စောင့်နိုင်သောအခြေအနေတို့ မကိုက်ညီပုံရပါသည်။ မည်သို့ ဆိုစေ ဖိုးဖွားများကို ကျေးဇူးတင်ရပါမည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Monday, August 24, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၄ ရက်မြောက်နေ့ခရီး 74th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၇၄) ရက်မြောက်
သြဂုတ်လ (၂ဝ) ရက်၊ ၂ဝဝ၉

နံနက် (၈) နာရီ (၃၅) မိနစ်တွင် အော်လ်ဘာနီမြို့လယ်မှ စတင်ချီတက်သည်။ ထွက်သောလမ်းသည် တောက်လျှောက်ပြင်နေသည်ဖြစ်ရာ လမ်းလျှောက်ရသည်မှာ နည်းနည်းတော့ခက်သည်။ လမ်းပြင်နေသော ပုဂ္ဂိုလ်များကလည်း နှုတ်ဆက်အားပေးပါသည်။ ရေယူမလားဟုမေးပါသည်။

တနာရီလျှောက်ပြီးနောက် (၉) နာရီ (၃၅) မိနစ်တွင် Bethlehem မြို့တွင် ခဏနားကြ၏။ နားနေစဉ် ရဲကားတစီးရောက်လာပါသည်။ နှုတ်ဆက်အားပေးပြီး အနည်းအကျဉ်းမေးမြန်း၏။ လမ်းကြောင်းကိုလည်း မေး၏။ ကားများရှုပ်ထွေးလှသဖြင့် ကြည့်ရှုသွားကြရန် အကြံပြုပါသည်။

ဆက်လက်ချီတက်သော် (၁ဝ) နာရီခွဲတွင် Town of Glenmont သို့ရောက်ရှိ၏။ (၁ဝ) နာရီ (၄၅) မိနစ်တွင် ခဏနားကြသည်။ ဤလမ်းကို ယခင့်ယခင်နှစ်များကလည်း လျှောက်ခဲ့ပြီးဖြစ်၏။ ယနေ့ထပ်မံ ခြေရာထပ်ခြင်း ဖြစ်သည်။ မြန်မာပြည်မလွတ်မြောက်သေးသမျှ ခြေရာထပ်နေဦးမည်ဖြစ်၏။


မြန်မာပြည်မှ ပြန်လာသော ယက်တော ကတော့ မကျေပွဲထပ်လုပ်ဦးမည်ဟု စိန်ခေါ်ထား၏။ မြန်မာပြည်တွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် လွတ်လပ်စွာ ဒုက္ခဖြစ်နေရာ နိုင်ငံတကာများက ဝင်မစွက်ပါနှင့်ဆိုသော နအဖ သည် အမေရိကန်ကိုတော့ ကြောက်ပုံရ၏။ အပြစ်ရှိသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီး အပြစ်မရှိသူများကိုမူ ဖမ်းချုပ်ထောင်ချထားသည်။


အစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်၏ သတ္တိမှာ ထမီဝတ်ထားကြောင်း အများအသိပင် မဟုတ်ပါ လော။ ထမီများများရှာပြီး အဆောင်အဖြစ် ဆောင်ထားသင့်သည်။ နလဘိန်းဒုံး ဗိုလ်မှူးဗိုလ်ချုပ်များမှာလည်း သေမှာကြာက်၍ ဒီအတိုင်းခွေးထိုင် ထိုင်နေကြသည်။


ကပ်ဘေးကြီးဆိုက်တော့မည်။ မင်းဆိုးမင်းညစ်အုပ်ချုပ်သောတိုင်းပြည်သည် မည်သည့်အခါမှ လူဖြစ်ရန် အကြောင်းမရှိ။ အကုသိုလ်၏ အရင်းအနှီးများဖြစ်သော သောနုတ္ထိုရ် ဥမင်လိုဏ်သည်လည်းကောင်း၊ ကျတ်ကုန်းနေပြည်သည်လည်းကောင်း၊ ညုကလီးယားသည်လည်းကောင်း မြေမြို၍ဖြစ်စေ၊ ငလျင်လှုပ်၍ဖြစ်စေ၊ မိုးကြိုးပစ်၍ဖြစ်စေ တနည်းနည်းဖြင့် တဆွေလုံး တမျိုးလုံး ကိစ္စပြတ်ဖို့ရှိသည်။


သံဃာတော်များ ထတော့မည်။ သန်းရွှေတို့ကြွတော့မည်။ သန်းရွှေခေါင်းကို ယက်တောဖြတ်မယူသွားသဖြင့် အကြီးအကျယ် ကံကောင်းသွားခြင်းဖြစ်သည်။ အယုတ်အစွဆုံး အခြေခံဥပဒေပင် မရှိသောနိုင်ငံတွင် မည်သည့်တရားရေးမဏ္ဍိုင်မှလည်း ရှိစရာအကြောင်းမရှိ။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်နေသောကြောင့် သန်းရွှေက ကြားဝင်၍ ချမ်းသာပေးလိုက်သည်ဟူ၏။ နအဖ အဖွဲ့ကို ကယ်တင်နိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ရှိကြောင်းကို ရိပ်မိသင့်သည်။ စစ်သားအချင်းချင်းကတော့ အာဏာရှင်ခေါင်းဆောင်ကြီးနေဝင်း ကိုပင် မချမ်းသာပေးသည်ကို သဘောပေါက်သင့်သည်။

(၁၁) နာရီ (၁ဝ) မိနစ်တွင် Dowerskill Village သို့ရောက်ရှိသည်။ (၁၂) နာရီ (၁ဝ) မိနစ်တွင် ယနေ့အတွက် ပြီးဆုံးခြင်းသို့ရောက်၏။ မနက်ဖြန်ဆက်လက်ချီတက်ပါဦးမည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Saturday, August 22, 2009

မိုင် ၉၀၀ ခရီးစဉ်


ခရီးရှည်ချီတက်ခြင်း (၇၃) ရက်မြောက်
အော်လ်ဘနီမြို့လယ်ကိုဖြတ်ကျော်ခြင်း
သြဂုတ်လ (၁၈) ရက်၊ ၂ဝဝ၉

ကျက်သရေရှိလှသော နံနက်ခင်းဖြစ်၏။ ဒေါင်းစကြာသည် ကောင်းစွာထွန်းလင်း၏။ ရောင်ခြည်တထောင်ကို တလောကလုံးသို့ ဖြန့်လျက်ရှိ၏။ နံနက် (၈) နာရီ (၂ဝ) မိနစ်တွင် Plaza ဝင်းရှေ့မှ စတင်ချီတက်သည်။ ယူတီကာမှ ရဲဘော်အောင်သိန်းခိုင်ပါဝင်ချီတက်သည်။


ဓါတ်ဆီဆိုင်တခုရှေ့သို့ရောက်သောအခါ စိတ်ဝင်စားသောဇနီးမောင်နှံတစုံက မြန်မာပြည်အကြောင်းများ၊ လမ်းလျှောက်ချီတက်မှုအကြောင်းများကို မေးမြန်းစုံစမ်းသည်။ ရဲဘော်ကဘောယူက ရှင်းလင်းပြောပြ၏။ ရဲဘော်မင်းဆွေဦးရောက်လာပြီး သေချာအောင်ထပ်မံရှင်းပြသည်။

(၉) နာရီခွဲတွင် ရဲစခန်းဘေးတွင် ခဏနားကြသည်။ ရဲကနှုတ်ဆက်အားပေး၏။ မိုင်ပေါင်း (၉ဝဝ) သည် ရှည်လျားလှသဖြင့် ရေများများသောက်ရန်အကြံပြုသည်။ မြန်မာပြည်ကိစ္စသည် နိုင်ငံတကာတွင် ကိစ္စ တရပ်ဖြစ်နေသည်။ သန်းရွှေတို့ငမိုက်သားအုပ်စုသည် ဘယ်ဘဝအထိဆက်မိုက်နေဦးမည်မသိ။


လူမိုက်တို့၏နောက်ဆုံးလမ်းကို စာမျက်နှာသစ်ဖွင့်လိုက်သောအခါ ငရဲ၏သံဒယ်တို့သည် ပွက်ပွက်ဆူကုန် သည်ဖြစ်၍ ဇမ္ဗူဒိပ်တကျွန်းလုံးသည် လှုပ်ခါသွားလေ၏။ သူတော်ကောင်းတရားရှိသူ၊ ငြိမ်းချမ်းရေး လမ်းစဉ်ရှိသူကို ဖမ်းဆီးနှိပ်ကွပ်နေသော စစ်အုပ်စုသည် ပြည်တွင်းသောင်းကျန်းမှု၊ အကြမ်းဖက်လုပ်ငန်းများကို တမင်တကာရွေးချယ်ထားခြင်းဖြစ်သည်။


ကိစ္စပြတ်မည့်နေ့ရောက်လျှင် ငါမသိဘူး ကြံ့ဖွတ်က လုပ်တာပါဟု ရှောင်ရှား၍ရလိမ့်မည်မဟုတ်။ တအုပ်စုလုံးသည် ဘယ်လက်နှင့်ညာလက်များသာဖြစ်၏။ လှည်းဘီးသည် နွားခြေရာနောက်သို့ အစဉ် လိုက်သကဲ့သို့ အကုသိုလ်အပေါင်းသည် ဒင်းတို့နောက်သို့လိုက်နေသည်ကို စစ်အုပ်စုတို့ သိဟန်မတူ။


နေအလွန်ပူသောနေ့တွင် ယနေ့ရပ်နားရမည့်နေရာသို့ ခပ်စောစောရောက်ပါသည်။ သို့သော်မြို့လယ်သို့ ဆက်လျှောက်သွားကြ၏။ ကြီးမား၍ လူနေရပ်ကွက်များပြည့်ကျပ်နေသော မြို့လယ်ဖြစ်ပါသည်။ (၁ဝ)နာရီ (၂၅) မိနစ်တွင် State St. လမ်းနှင့် S Swan St. လမ်းဆုံရာ ပန်းခြံတခုတွင် ယနေ့အဖို့ကို ရပ်ဆိုင်းလိုက်ကြသည်။ ပန်းခြံရှေ့တွင် Legistlative Building အဆောက်အဦရှိပါ၏။ မနက်ဖြန်တွင် ပထမ ရပ်နားခဲ့ရာနေရာမှ ဆက်လျှောက်မည်ဖြစ်ပါ၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Friday, August 21, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၂ ရက်မြောက်နေ့ခရီး 72nd day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၇၂) ရက်မြောက်
သြဂုတ်လ (၁၇) ရက်၊ ၂ဝဝ၉

ကျွန်ုပ်တို့၏ ခရီးရှည်သည် ယခုအခါ အော်လ်ဘနီမြို့နှင့်နီးကပ်လာပြီဖြစ်၏။ နံနက် (၉) နာရီထိုးရန် (၁၅) မိနစ် အလိုတွင် စတင်ချီတက်ကြသည်။ ကားများမှ နှုတ်ဆက်ကြ၏။ လှမ်း၍အော်ဟစ်မေးမြန်းကြ၏။ နှုတ်ဆက်အားပေးမှုများ များပြားလာပါသည်။ အိမ်များမှလည်း လက်ပြနှုတ်ဆက်ကြပါသည်။



စတင်ချီတက်ပြီး မိနစ် (၂ဝ)ကြာလျှင် အမျိုးသမီးတဦးသည် ကားဖြင့် ရှေတွင်စောင့်၍ အအေးနှင့် ဘလူးဘယ်ရီအသီးပေးပါသည်။ နှုတ်ဆက်အားပေး၏။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင်လည်း လက်မှတ်ထိုးပါသည်။ ကုလအတွင်းရေးမှူးထံ အဖွဲ့အစည်းမျိုးမျိုးတို့မှ မြန်မာပြည်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် ပတ်သက်၍ မကြာခဏစာပို့၊ တိုင်တန်းနေမည်ဖြစ်ရာ ယခုနေအခါ မစ္စတာဘန်ကီမွန်းသည် စာရွက်ပုံများကြားတွင် ခေါင်းစိုက်၍ စိတ်ဓါတ်ကျဆင်းနေလောက်ပေသည်။


ချီတက်ရင်းဖြင့် (၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Lowlar St လမ်းတွင် ခဏနားကြ၏။ မြို့နှင့် နီးကပ် လာသဖြင့် ကားအလွန်ရှုပ်ထွေးလှသည်။ လမ်းတလျှောက်တွင် တချို့လူများ၏ ကြည့်ရှုမှုများမှာလည်း အာရုံစူးစိုက်မှု ပိုများလာသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့၏ချီတက်မှုမှာလည်း အားပိုရှိလာ သကဲ့သို့ဖြစ်နေပါသည်။


ကျွန်ုပ်တို့သည် အမေရိကန်မြေတွင် လမ်းလျှောက်ချီတက်ခြင်းကိစ္စ္စကို ဆောင်ရွက်နေသည်ဖြစ်ရာ အမေရိကန်ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ စာနာထောက်ထားမှုများကို လိုအပ်သည်ဆိုလျှင် မည်သို့မျှ မမှားနိုင်ပါ။ သို့ဖြစ်ရာ လူအများမေးမြန်းလေ ကောင်းလေပင်မဟုတ်ပါလော။ (၁၁) နာရီ (၅) မိနစ်တွင် ခဏ နားကြုပန်၏။


စက်ဘီးစီးသမားတဦးသည် ကျွန်ုပ်တို့၏အနောက်မှ မောင်းနှင်လာပြီးလျှင် တနေရာတွင် ရပ်နား၍ တခုခုသောက်ပါဦးဟုပြောပါသည်။ သို့သော် ကျွန်ုပ်တို့မှာ နားပြီး၍အခုဆက်လျှောက်ခြင်းဖြစ်၏။ အရှေ့ (၃) မိုင်တွင် ခဏရပ်နားရန်ရှိပါသည်ဟု ပြန်လည်ဖြေကြားရ၏။ လမ်းလျှောက်သောစနစ်ကို အပြီးသတ်မှတ်ထား သည်ဖြစ်၍ စက်ဘီးသမားလည်း နှုတ်ဆက်အားပေးပြီး ဆက်လက်ထွက်ခွာသွားပါသည်။


(၁၁) နာရီ (၃၅) မိနစ်တွင် Westmare လမ်းသို့ရောက်လျှင် အမျီုးသမီးတဦးသည် ကားပေါ်မှ အလျင်စလိုဆင်းလာပြီးလျှင် ကဒ်ပြားတခုနှင့် စာရွက်ဖြတ်ပိုင်းတခုပေးပါသည်။ ကဒ်ပြားတွင် ငွေ (၁၅) ဒေါ်လာရှိသည်။ ဟမ်ဘာဂါဝယ်စားရန်အတွက်ဟုဆိုပါသည်။ ကျေးဇူးတင်ရ၏။ နေပူတွင် လျှောက်လာရာ အအေးတခုခုသောက်နိုင်ပြီဖြစ်၏။

နေ့လည် (၁၂) နာရီခွဲတွင် Stuyvesant Plaza ရှေ့ အရိပ်တခုတွင် ရပ်ဆိုင်းလိုက်ကြ၏။ အရိပ်သို့ပင် မရောက်ရှိခင် Plaza ဝင်းအတွင်းမှ လူတဦး အထုပ်တခုကိုဆွဲကာ အပြေး ရောက်လာ ပါသည်။ အေးစက် နေသောရေဗူးများ လာပေးခြင်းဖြစ်ပါသည်။ ကောင်းလေစွ။ အအေးမဝယ်သောက်ခင် လောလောဆယ် သိကြားရေစင်ကို ရပြီးဖြစ်၏။ ကျွန်ုပ်တို့၏လမ်းလျှောက်မှုကို အထူးအားပေးကြိုဆိုပါသည်။

ကျွန်ုပ်တို့သည် ဤနေရာတွင်ပင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။ မနက်ဖြန်တွင် အော်လ်ဘနီမြို့ လယ်သို့ ဤနေရာမှ ဆက်လက်ချီတက်ပါဦးမည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Followers

Blog Archive